စစ်တွေမြို့သို့ အမျိုးသမီး လစဉ်သုံးပစ္စည်း သယ်ယူခွင့် စစ်တပ် ပိတ်ပင်ထား

By MPM 18 မေ, 2026 👁 1

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့တွင် အမျိုးသမီး လစဉ်သုံးပစ္စည်းများအား သယ်ယူတင်သွင်းခွင့်ကို စစ်အစိုးရက ပိတ်ပင်ကန့်သတ်ထားသဖြင့် လစဉ်သုံးပစ္စည်း ပြတ်လပ်မှုကြောင့် မြို့ခံအမျိုးသမီးများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

အမျိုးသမီးလစဉ်သုံး ပစ္စည်းများနှင့် ကလေးသုံး ဒိုင်ပါများသယ်ယူခွင့် ပိတ်ပင်ကန့်သတ်ထားမှုကြောင့် စစ်တွေမြို့တွင်းတွင် ပစ္စည်းပြတ်လပ်ကာ အဝတ်စဖြင့် ပြုလုပ်ထားသည့် လစဉ်သုံးပစ္စည်းများကိုသာ အသုံးပြုနေရကြောင်း ဒေသခံအမျိုးသမီးများက ဆိုသည်။

“ဆိုင်တွေမှာ လစဉ်သုံး သွားဝယ်ရင် ပစ္စည်းတွေ မဝင်တာကြာပြီလို့ပဲ ပြောကြတယ်။ တစ်မြို့လုံး ပတ်ရှာတာတောင် မတွေ့ဘူး။ စစ်ရှောင်တွေကိုပေးတဲ့ အရည်အသွေးနိမ့် လစဉ်သုံးတွေကို တဆင့်ပြန် ဝယ်ပြီးသုံးနေရတယ်။ ပြီးရင် လျှော်ဖွတ်လို့ရတဲ့ လစဉ်သုံးတွေကို အသုံးပြုနေရတယ်။ အမျိုးသမီးတွေ တစ်လတစ်ကြိမ် ဓမ္မတာလာတာက စိန်ခေါ်မှုတစ်ခုလို ဖြစ်နေပြီ” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ပစ္စည်းလက်ကျန်ရှိသည့် ကုန်စုံဆိုင်များမှ သက်တမ်းကုန်ဆုံးသွားသည့် လစဉ်သုံး အထုပ်သေး ၈ ခုပါ တစ်ထုပ်ကို ငွေကျပ် ၇,၀၀၀ ဖြင့်ဝယ်ယူသုံးစွဲနေကြရကြောင်း အမျိုးသမီးများက ဆိုသည်။

အမျိုးသမီးများအတွက် ကျန်းမာရေးအရ အရေးကြီးသည့် လစဉ်သုံးပစ္စည်းရှားပါးမှုကြောင့် သက်တမ်းကုန် ဆုံးနေသည့် လစဉ်သုံးပစ္စည်းများကို ဈေးကြီးပေးဝယ်ကာ အသုံးပြုနေကြရပြီး နောက်ဆက်ဆွဲ အမျိုးသမီး ကျန်းမာရေးအန္တရာယ် စိုးရိမ်စရာဖြစ်လာနေကြောင်း ပြောဆိုကြသည်။

“စစ်ဘေးရှောင်တွေဆီက တစ်ဆင့်ခံ ရောင်းတဲ့ လစဉ်သုံးတွေက တစ်ခါတလေ ဝယ်ရတာ အဆင်မပြေသလို အရည်အသွေးအရလည်း သုံးရတာ အဆင်မပြေဘူး။ မြို့တွင်းမှာ ရှိတာတွေကလည်း သက်တမ်းကုန်ဆုံးနေတာတွေပဲ ရှိတယ်။ သုံးစရာမရှိရင် သက်တမ်းကုန်နေတဲ့ ပစ္စည်းတွေကို သုံးရတယ်။ နောက်ဆက်တွဲကတော့ မိန်းမကိုယ် ယားယံတာတွေ ပြဿနာတွေ ကြုံရတယ်။ ရေရှည်အသုံးပြုရရင် ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာမှာလည်း ကြောက်နေရတယ်” ဟု  နောက်ထပ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အမျိုးသမီးများအနေဖြင့် သက်တမ်းကုန်ဆုံးနေသည့် လစဉ်သုံးများကို သုံးစွဲပါက မိန်းမကိုယ်ယားယံခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် မှိုစွဲခြင်း စသည့် နောက်ဆက်တွဲအမျိုးသမီး ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။

ယခုကဲ့သို့ စစ်တွေမြို့တွင်းသို့ လစဉ်သုံးပစ္စည်းနှင့် ကလေးဒိုင်ပါများ သယ်ယူခွင့်ကို စစ်တပ်က ကန့်သတ်ထားခြင်းမှာ စစ်ရေးအရ အသုံးမပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“လစဉ်သုံးပစ္စည်းတွေက စစ်ရေးအသုံးပြုနည်းအရ ကြည့်မယ်ဆိုရင် ဂွမ်းပါတဲ့အတွက် အသွေးတွေကို စုပ်ယူနိုင်တယ်။ အရေးပေါ်သွေးတိတ်စေဖို့ အသုံးပြုလို့ ရတယ်။ ကလေးဒိုင်ပါတွေဆိုလည်း အဲလိုမျိုး။ စစ်တွေမြို့ပေါ်အထိ တိုက်ပွဲမရှိသေးဘဲ အခုလိုဖြတ်တောက်မှုလုပ်တာက လူ့အခွင့်အရေး ချိုးဖောက်တာပဲဖြစ်တယ်” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လစဉ်သုံးပစ္စည်းများကို ပိတ်ပင်ကန့်သတ်ထားခြင်းမှာ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု တစ်ရပ်လည်းဖြစ်ကြောင်း အမျိုးသမီးအဖွဲ့များက ဆိုသည်။

ယင်းအပြင် စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းမှစကာ စစ်တွေအတွင်းသို့ ဆေးဝါးနှင့် အရေးပါသည့် လူသုံးကုန်စ္စည်းများ လေကြောင်း၊ ရေကြောင်းဖြင့် တင်သွင်းခွင့်ကို တားမြစ်ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း မန္တလေးမြို့ကနေ တော်လှန်ရေးအားကောင်းသည့် နိုင်ငံအထက်ပိုင်းသို့ပေးပို့သော ကုန်စည်များတွင် အမျိုးသမီးလစဉ်သုံးအပါအဝင် အခြေခံကုန်ပစ္စည်းများကို စစ်တပ်က ပိတ်ပင်ခဲ့သည်။

DMG