ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူများ၏ လက်ကိုင်ဖုန်းများကို လိုက်လံစစ်ဆေးပြီး ဖမ်းဆီးမှုများရှိနေသဖြင့် ဒေသခံပြည်သူများအကြား စိုးရိမ်မှုများရှိနေကြောင်းသတင်းရရှိသည်။
“ဒီလိုဖမ်းဆီးမှုတွေရှိနေတဲ့အတွက်ဖုန်းထဲက နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ပြောဆိုဖို့ကြောက်ရွံ့နေကြရတယ်။ ဘာမဟုတ်တဲ့စကားနဲ့လည်း အဖမ်းခံရနိုင်တယ်” ဟု စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
၎င်းပြင်သူက “ဖုန်းကို အကြာကြီး ပြောလို့မရဘူး။ ဖုန်းတွေကို လိုက်စစ်ပြီး ဖမ်းဆီးနေတာ။ ဘယ်အချိန်မှာ ဖုန်းလိုင်းကနေ ကြားဖြတ်နားထောင်ပြီး အဖမ်းခံရမလဲဆိုတာ အားလုံးက စိုးရိမ်နေကြတယ်” ဟု ပြောဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာတွင် ထိုသို့ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
စစ်တွေမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်က မီးသတ်တပ်ကြပ်ကြီးတစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ဝန်ထမ်းယာဥ်မောင်းတစ်ဦး၊ စစ်တွေဆေးရုံကြီး ဓာတ်မှန်ဌာနမှ ဝန်ထမ်းတစ်ဦးနှင့် စစ်တွေဆိပ်ကမ်းရုံးက အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦး၊ စုစုပေါင်း အစိုးရဝန်ထမ်း ၄ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသွားခဲ့သည်ဟုသိရသည်။
ထိုဝန်ထမ်းများ ဖုန်းဖြင့် နိုင်ငံရေးအကြောင်းများ ပြောဆိုခြင်းကို စစ်တပ်က ကြားဖြတ်နားထောင်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်တွေမြို့တွင်းတွင် သတင်းများထွက်ပေါ်နေသည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။
“အခု ဝန်ထမ်းတွေကိုပါ ဖမ်းလာတာ။ ဖုန်းပြောရင် ကြားကနားထောင်ပြီး ဖမ်းတာတဲ့။ ပြည်သူတွေလည်း ဖမ်းခံရတယ်။ ဖမ်းခံရတာ မနည်းတော့ဘူး။ ဒါကြောင့် ဖုန်းကို အကြာကြီး မပြောကြတော့ဘူး” ဟု နိရဥ္စရာကိုပြောသည်။
စစ်တွေမြို့တွင် အာဏာသိမ်းစစ်တပ်၏ဝန်ထမ်းများ၊ စစ်ဘေးရှောင်များ၊ မြို့နေပြည်သူများနှင့် မွတ်ဆလင်တချို့ကိုပါ စစ်တပ်က ပြီးခဲ့သည့် ဧပြီလခန့်မှစတင်ပြီး အကြောင်းပြချက်မရှိ ပိုမိုဖမ်းဆီးမှုများပြုလုပ်လာကြောင်း မြို့ခံများထံမှ သိရသည်။
ထိုအထဲမှ အချို့မှာ ဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ အချို့ကိုမူ အာရက္ခတပ်တပ်တော် (AA) နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးပြီးမှ ဖုန်းများကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးခံရပြီးနောက် လွတ်မြောက်လာသူတစ်ဦးကပြောသည်။
လက်ရှိ စစ်တွေမြို့တွင် အင်တာနက်လိုင်းများ လုံးဝမရရှိဘဲ သာမန်ဖုန်းလိုင်းတစ်ခုတည်းသာ ရရှိသဖြင့် မြို့ခံပြည်သူများသည် ရခိုင်တခြားမြို့နယ်များတွင် ဖြစ်ပျက်နေသည့် အခြေအနေများကို သိရှိနိုင်ရန်အတွက် အင်တာနက်နှင့် ဖုန်းလိုင်းရသည့် ရန်ကုန်နှင့် အခြားဒေသများရှိ နီးစပ်ရာ မိတ်ဆွေများထံသို့ ဖုန်းဆက်ကာ သတင်းများ လှမ်းမေးခြင်းနှင့် မိမိတို့မြို့အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကိုပါ ပြန်လည်မျှဝေ ပြောဆိုနေကြရသည်။
သို့သော်လည်း ယခုရက်ပိုင်းအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မြို့တွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားပြည်သူများကို ဆက်တိုက်ဖမ်းဆီးကာ သူတို့၏ လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးခြင်းများပြုလုပ်နေသဖြင့်ပြည်သူများမှာစိုးရိမ်နေကြရသည်ဟုဆိုသည်။
ဖုန်းဖြင့်စကားပြောဆိုမှုများကို ကြားဖြတ်နားထောင်ပြီး ဖမ်းဆီးခြင်းနှင့် ဖုန်းများကို စစ်ဆေးခြင်းပါ ပြုလုပ်နေ သည့် သတင်းများ စစ်တွေမြို့တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီးနောက် ဒေသခံများ ဖုန်းဖြင့် သတင်း ဖလှယ်ခြင်းနှင့် နိုင်ငံရေးအကြောင်းအရာများ ပြောဆိုရန် မဝံ့ရဲဘဲ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။
နိရဥ္စရာ