စစ်တွေတိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ရန် လိုအပ်

By MPM 8 မတ်, 2026 👁 2

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည် စစ်တွေမြို့အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာသဖြင့် AA ထိန်းချူပ်နယ်မြေက ပြည်သူများမှာလည်း စစ်ရေး သတိရှိစွာ နေထိုင်ကြရန် နိုင်ငံရေးစောင့်ကြည့်သူများနှင့် ဒေသခံများက အကြံပြုတိုက်တွန်းနေကြသည်။

လက်ရှိတွင် စစ်တွေမြို့နယ်၊ အမြင့်ကျွန်း၊ မြစ်နား၊ ညိုရောင်ချောင်း၊ ဝါဘို၊ တောကန်၊ ကြံတော၊ သိန်းတန်၊ ရာတန်၊ ဇော်မတက်၊ ရွှေမင်းဂံနှင့် ပုဏ္ဏားကျွန်းမြို့နယ် ဆားကုန်ပုတ်၊ ရဲရိုးပြင်၊ အောင်မြေကုန်း စသည့် နေရာ ၁၄ ခုထက်မနည်းတွင် တိုက်ပွဲများ တပြိုင်တည်း ဖြစ်ပွားနေသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများကို စစ်တွေမြို့တွင်းရှိ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ခလရ (၂၀) တို့ကလည်း အတွဲလိုက်ဒုံးများဖြင့် ပစ်ကူပေးနေပြီး အခြား ရခိုင်ပြည်သူများ နေထိုင်ရာနေရာများသို့လည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဝေဟင်အောင်က “စစ်ကောင်စီက စစ်၏ ဥပဒေကို လိုက်နာတတ်တဲ့ စစ်တပ် မဟုတ်ဘူး။ စစ်တွေ၊ ကျောက်ဖြူ စစ်ရေးပြင်းထန်လာတာကြောင့် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ အစုလိုက်အပြုံလိုက် လေကြောင်း တိုက်ခိုက်တာတွေ ပိုပြီးလုပ်တာတွေ တွေ့ရတယ်။ ဒါကြောင့် ဒီကာလမှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ပြုလုပ်တာတွေ၊ လူစုလူဝေးနဲ့ နေထိုင်တာတွေကို ရှောင်ရှားဖို့ လိုအပ်တယ်။ ပြီးရင် အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ လုပ်ထားဖို့ လိုအပ်လာတယ်” ဟု ပြောသည်။

အာရက္ခတပ်တော်သည် စစ်တွေမြို့က ရွှေမင်းဂံရေတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယခုရက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ ပေါင်းပြီး အပြင်းအထန် ခုခံနေသည်။

ထို့အတူ စစ်တွေ၊ ကျောက်ဖြူ တိုက်ပွဲများတွင် အဘက်ဘက်မှ အထိနာနေသော စစ်ကောင်စီသည် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိနှင့် အစုလိုက်ပြုံလိုက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်တတ်သဖြင့် ယခုရက်ပိုင်းတွင် ပိုပြီး ဂရုစိုက် နေထိုင်သင့်ကြောင်းလည်း တိုက်တွန်းနေကြသည်။

ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ ပြုလုပ်နေထိုင်ခြင်းကို ယခုကာလအတွင်း ရှောင်ရှားသင့်ကြောင်းလည်း လူမှုအဖွဲ့အစည်းများက အကြံပြုနေကြသည်။

အလားတူ အရက္ခတပ်တော်အနေဖြင့်လည်း ပြည်သူများအတွက် လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျေးရွာတိုင်းတွင် သတိပေးမှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ပြောသည်။

မြောက်ဦးဒေသခံတစ်ဦးက “အာရက္ခတပ်တော် အနေနဲ့လည်း ပြည်သူတွေအတွက် လေကြောင်း အန္တရာယ်နဲ့ ပတ်သက်လို သတိပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ အခုဆိုရင် လေကြောင်းအန္တရာယ် သတိပေးအချက်ပြစနစ်တွေ (app) တွေ ပေါ်လာတယ်။ ရွာတစ်ရွာနှစ်ရွာပေါင်းပြီး Starlink ရှိသင့်တယ်။ လေကြောင်းအန္တရာယ်နဲ့ပတ်သတ်လို အချက်ပြမှုတွေရှိလာရင် ပြည်သူတွေအတွက် လော်စပီကာနဲ့ဖြစ်ဖြစ် အသံချဲ့စက်တွေနဲ့ဖြစ်ဖြစ် အသိပေးတာတွေ လုပ်ဆောင်ပေးသင့်တယ်။ ဒါမှ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်မယ်” ဟု ပြောသည်။

ထို့အတူ ပြည်သူများအနေဖြင့် ဘာသာရေးပွဲတော်များကျင်းပခြင်း၊ လူမှုရေးပွဲတော်များ ကျင်းပခြင်းနှင့် ကျေးရွာအတွင်း ညအချိန် ဆောင်းပေါက်များအသံကျယ်လောင်စွာ တီးခြင်းကို လျှော့ချသင့်ကြောင်း ပြောကြသည်။

ရခိုင်ဒေသခံတစ်ဦးက “အခုက စစ်တွေမှာ စစ်ကောင်စီ ပိုပြီးအထိနာရင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေကို ဗုံးကြဲတာတွေ မကြာခဏ ပြုလာတာကို တွေ့ရတယ်။ ဒါကြောင့် AA ထိန်းချူပ်နယ်မြေတွေမှာ ဘာသာရေးပွဲတွေ၊ လူမှုရေးတွေနဲ့ ဆောင်းဘောက်စ် အကျယ်ကြီးတီးတွေကိုပါ လျှော့ချသင့်တယ်” ဟု ပြောသည်။

လက်ရှိ စစ်တွေတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်ကြား စစ်ရေးအရှိန်အဟုန် တိုးမြှင့်နေသဖြင့် အာရက္ခတပ်တော် ထိန်းချူပ်နယ်မြေများတွင် စစ်ရေးသတိ ပိုမို သတိရှိကြရန် လိုအပ်ကြောင်း ဆိုသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်းကို အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေပြီး ပြီးခဲ့သည့် နှစ်ပတ်ကထက် ယခုပိုပြီး များလာကြောင်း BNI-Myanmar Peace Monitor ၏ Bi-Weekiy News Review က မတ်လ ၆ ရက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီ အဓိကပစ်မှတ်ထား တိုက်ခိုက်နေသည့် နေရာများမှာ အာရက္ခတပ်တော်၊ ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်ရေးတပ်မတော်ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်ပိုမို မြင်တွေ့နေရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ PDF/LDF တို့ထိန်းချုပ် ဒေသများကိုလည်း ဒုတိယ ဦးစားပေးတိုက်ခိုက်နေသည်ကို မြင်ရကြောင်း ဖော်ပြသည်။

ယင်းကြောင့် ယခုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်း ဒရုန်းတိုက်ခိုက်မှုများကို သတိထားစောင့်ကြည့်ရမည့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းလည်း ဒေသခံများက တိုက်တွန်းထားသည်။

DMG