စစ်တပ်ဦးဆောင်တဲ့ အစိုးရသစ်ဟာ နာမည်ပြောင်း အဖွဲ့အစည်းလို့ BNI ပြော

By MPM 9 ဧပြီ, 2026 👁 1

စစ်တပ်အစိုးရသစ်ဟာ အမည်ခံကူးပြောင်းမှုနဲ့ စစ်အုပ်စုရဲ့ အဓိကပုဂ္ဂိုလ်တွေ အာဏာစွန့်လွှတ်ခြင်းမရှိဘဲ ရာထူးနေရာတွေ ပြောင်းလဲတာနဲ့ အဖွဲ့အစည်းဆိုင်ရာ အမည်နာမ အသစ်တပ်ခြင်းသာဖြစ်တယ်လို့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI က ဝေဖန်ပါတယ်။

စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပေါ် BNI က ထုတ်ပြန်တဲ့ “ရွေးချယ်ခွင့်မဲ မဲဆန္ဒရှင်များ – မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများရှိ ရွေးကောက်ပွဲဆိုင်ရာဖြစ်ရပ်များ ဆန်းစစ်ခြင်း” အစီရင်ခံစာမှာ ထောက်ပြဝေဖန်ထားပါတယ်။

ဧပြီ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ BNI ရဲ့ အစီရင်ခံစာအရ စစ်အုပ်စုရဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်း ခေါင်းဆောင်မှု ဖွဲ့စည်းပုံဟာ အမည်ခံကူးပြောင်းမှုမျှသာဖြစ်ပြီး စစ်တပ်အဓိကပုဂ္ဂိုလ်တွေက အာဏာကို ဆက်လက်ဆုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ သမ္မတ၊ ဒုသမ္မတ အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေကို စစ်ဗိုလ်ချုပ်တွေ ရယူထားမှုဟာ အရပ်သားအုပ်ချုပ်ရေးပုံရိပ်ကို ဖော်ဆောင်ဖို့ထက် အရင်လူဟောင်းတွေ ဆုံးဖြတ်ချက်ချတဲ့ ယန္တရားကို ဆက်လက် ချုပ်ကိုင်ထားတာလို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ အခင်းအကျင်းအရ စစ်တပ် ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဟာ ကြိုတင်မဲ ၄၀ ရာခိုင်နှုန်းကျော်ကြောင့် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အနိမ့်ဆုံး မဲပေးမှု ဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၄ ရာခိုင်နှုန်းကျော်သာ မဲလာပေးခဲ့ကြတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဦးဆောင်းကျင်းပတဲ့ ၂၀၂၀ အထွေထွေးရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးနိုင်သူ ၃၇ သန်းကျော်ရှိပြီး စစ်တပ် ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ၂၄ သန်းသာရှိတဲ့အတွက် ဆန္ဒမဲပေးနိုင်သူ ၁၃ သန်းကျော် ဖယ်ချန်ခံရပါတယ်။

ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်‌ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုနဲ့ ဝန်ကြီး ၃၀ ဦးကို အဆိုပြုခန့်အပ်ခဲ့ပါတယ်။

ခန့်အပ်ခံရတဲ့ ဝန်ကြီး ၃၀ ဦးမှာ ၂၀ ဦးဟာ လက်ရှိ စစ်ကော်မရှင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေ ဖြစ်ကြီး ကျန်တဲ့ ဝန်ကြီးတွေကလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ခေါင်းဆောင်ရဲ့ ယုံကြည်ရတဲ့ စစ်တပ်ဩဇာခံသူတွေ ဖြစ်ပါတယ်။

ဒါဟာ ပါတီစုံဒီမိုကရေစီစနစ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ ဝင်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဟာ အချိုးကျကိုယ်စားပြု PR စနစ်ကြောင့် တိုင်းရင်းသားလူမျိုးစုပါတီတွေ အထိုက်အလျောက် အနိုင်ရရှိခဲ့ကြပေမယ့် အစိုးရအဖွဲ့မှာတော့ ချန်လှပ်ခံထားရတဲ့ အခြေအနေပါ။

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI ကတော့ စစ်အုပ်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အစဉ်အလာဟောင်းကိုသာ ပြန်လည်အသက်သွင်းခြင်းဖြစ်ပြီး ဒီမိုကရေစီကူးပြောင်းရေးဆိုတဲ့ ပြောဆိုချက်တွေဟာ စကားလုံးတွေထက် မပိုကြောင်း သိသာစေတယ်လို့ ထောက်ပြထားပါတယ်။

သံလွင်တိုင်းမ်