စစ်တပ်လက်ချက်ကြောင့် စစ်တွေ စစ်ရှောင်တစ်ဦး စစ်ကြောရေးတွင် သေဆုံး

By MPM 13 မေ, 2026 👁 2

စစ်အုပ်စု ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့က စစ်ဘေးရှောင်တစ်ဦးမှာ စစ်အုပ်စုထံ ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်ကြောရေးတွင် ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

မေလ ၉ ရက်က စစ်တွေမြို့၊ စိတ္တသုခ ကမ္မဌာန်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသား ၆ ဦးကို စစ်အုပ်စုက ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ကိုအောင်အောင်၊ ဦးကျော်သန်းလှိုင်၊ ကိုအေးကျော်၊ ကိုမြထွန်းနှင့် အခြား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

ယင်းနောက် စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းတွင် ရိုက်နှက်စစ်ဆေးမှုကြောင့် အသက် ၃၄ နှစ်အရွယ် ကိုအောင်အောင် သေဆုံးခဲ့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “ညတိုင်းလိုလို ဟိုစစ်ဒီစစ် လုပ်နေတာ ကြာပြီ။ အဲဒီနေ့တုန်းက တခြားကျောင်းတွေပါ ဝင်စစ်တယ်။ ပြီးတော့ သူတို့ကို ဖမ်းသွားပြီး ရဲစခန်းမှာ မေးလည်းမေး ရိုက်လည်းရိုက်ရာကနေ တစ်ယောက်သေသွားတယ်လို့ သိရတယ်” ဟု ပြောသည်။

စစ်အုပ်စုသည် စစ်တွေမြို့ပေါ်ရှိ သရက်တောကျောင်း၊ တပ်ဦးကျောင်း၊ မိုးကုတ်ကျောင်းနှင့် စိတ္တသုခ ကမ္မဌာန်းကျောင်းအပါအဝင် ရပ်ကွက်အချို့အား တောက်လျှောက် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ်က ရခိုင်ကျေးရွာ ၂၀ ထက်မနည်းကို စစ်တပ်က အတင်းအဓမ္မနှင်ထုတ်ထားမှုကြောင့် ဒေသခံများမှာ စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရခြင်းလည်း ဖြစ်သည်။

လက်ရှိ စစ်တွေမြို့အတွင်း စစ်အုပ်စုက ဧည့်စာရင်းစစ်ဆေးမှုများ မကြာခဏပြုလုပ်နေပြီး အရပ်သားများအား ဖမ်းဆီးနေမှုကြောင့် ဒေသခံများနှင့် စစ်ရှောင်များမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိနေသည်။

စစ်တွေဒေသခံအမျိုးသားတစ်ဦးက “ညဆိုရင် ဧည့်စာရင်းဝင်စစ်တယ်။ မကြာမကြာလည်း ဖမ်းတာတွေရှိတော့ လာစစ်ရင် ကြောက်နေရတယ်။ တချို့ဆို မှတ်ပုံတင်ပျောက်လို့ မပြနိုင်တာကို အကြောင်းပြပြီး စစ်မေးတာတွေ ရှိတယ်။ မထင်ရင်မထင်သလို လိုက်ဖမ်းတာ” ဟု ပြောသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုများ၊ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏ ရှိနေပြီး စစ်တပ်ဘက်က စစ်တွေမြို့ပတ်ဝန်းကျင်နေရာများအား အင်အားအခိုင်အမာဖြင့် ခံစစ်ပြင်ဆင်ထားသည်။

စစ်တွေတိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စစ်အုပ်စုက မြို့တွင်းလုံခြုံရေးကို ပိုမိုတင်းကျပ်လာနေပြီး မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသဖြင့် မြို့ခံများမှာ လုံခြုံရေးအာမခံချက် ကင်းမဲ့နေသည်။

စစ်အုပ်စုက စစ်တွေမြို့ခံများအား ခရီးသွားလာခွင့်ပိတ်ပင်မှု၊ ကုန်စည်စီးဆင်းမှုကို ကန့်သတ်ထားမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို အလူးအလဲခံစားနေကြရသည်။

DMG