မြန်မာနိုင်ငံတဝန်းရှိ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများနှင့် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေများတွင် ပြီးခဲ့သည့် မေလမှ ဇူလိုင်လအထိ ၃ လတာအတွင်း ဒစ်ဂျစ်တယ်ဖိနှိပ်မှုများရှိခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ အစီရင်ခံစာက ဖော်ပြသည်။
အဆိုပါ ၃ လတာကာလအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် စစ်တပ်ထိန်းချုပ်ရာဒေသများတွင် အင်တာနက်ဖြတ်တောက်ခံရမှု၊ အွန်လိုင်းမှ ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရခြင်း၊ ပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးပြုလုပ်မှုများနှင့် သတင်းမီဒီယာများအား ခြိမ်းခြောက်မှုများပါဝင်ကြောင်း ဖော်ပြသည်။
ယင်းကာလအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် အင်းတော်၊ ကနီ၊ ဒီပဲယင်း၊ ရေဦးနှင့် တန့်ဆည် စသည့်မြို့နယ်များတွင် လေကြောင်းစိုးရိမ်မှုနှင့် စစ်ဆင်ရေးဆင်နွှဲမှုများကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က စတားလင့်အင်တာနက် အသုံးပြုခွင့်ကို အချိန်အကန့်အသတ်ဖြင့် ယာယီရပ်ဆိုင်းမှုများရှိခဲ့ကြောင်း ဆိုသည်။
ယင်းအပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နှင့် ရှမ်းတောင်ဒေသ တောင်ကြီးမြို့တို့တွင်လည်း ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း စစ်အုပ်စု၏ ဖြတ်တောက်မှုကြောင့် ဝိုင်ဖိုင်အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အလားတူ အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ဒေသများတွင် ဇွန်လအတွင်း စတားလင့်အင်တာနက်အသုံးပြုမှုအပေါ် အခွန်ကောက်ခံခြင်းများ ပြုလုပ်လာကြောင်း ဆိုထားသည်။
ယင်းအပြင် ရခိုင်ဒေသအတွင်းရှိ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများနှင့် စစ်တပ်ထိန်းချုပ်ဒေသများတွင် အင်တာနက်လိုင်းပြတ်တောက်မှုများနှင့်အတူ လူငယ်များမှာ အလုပ်လက်မဲ့များလာနေပြီး ပညာရေးဆိုင်ရာနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု နည်းပါးလာကြောင်း ဖော်ပြသည်။
အင်တာနက်ဖြတ်တောက်ခံရသည့်အပြင် ရခိုင်ဒေသအတွင်းရှိ ဒစ်ဂျစ်တယ်ငွေကြေးစနစ် ဝန်ဆောင်မှုပြုလုပ်ပေးနေသောအကောင့်များ ထပ်မံပိတ်သိမ်းခံရမှုကြောင့် ငွေထုတ်ခနှုန်းထားများ မြင့်တက်သွားကြောင်း ဆိုသည်။
ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက “တချို့မြို့နယ်တွေမှာ စတားလင့်စက်တွေ ပိတ်သိမ်းခံရတာရယ်၊ ပြီးတော့ အများသုံးအင်တာနက်ဝန်ဆောင်မှုတွေ နည်းတဲ့အတွက် အဆင်မပြေကြတာများတယ်။ ရတဲ့ ပြီးတော့ အင်တာနက်မရရင် သတင်းအချက်အလက်ရဖို့ဆိုတာ မဖြစ်နိုင်လို့ ဘယ်နေရာဘာတွေဖြစ်နေလဲ၊ ကိုယ့်ဒေသထဲ ဘာဖြစ်နေလဲမသိရတာက ပိုဆိုးတယ်။ လူငယ်တွေဆိုလည်း အခွင့်အလမ်းက နည်းတယ်။ ကိုယ့်ဒေသတွင်းမှာ ရှိတဲ့ဟာတောင် လိုင်းမရလို့ လက်လှမ်းမမှီလိုက်တာမျိုးက အများကြီးပဲ” ဟု ပြောသည်။
ယင်းကဲ့သို့ ဖြတ်တောက်ဖိနှိပ်မှုကြောင့် ပြည်သူများမှာ သဘာဝဘေး၊ အကြမ်းဖက်မှုနှင့် စစ်ရေးဆိုင်ရာသတင်းအချက်အလက် လက်လှမ်းမှီမှု ကင်းကွာလာကြောင်း MIP က ဆိုသည်။
အင်တာနက်လိုင်းဖြတ်တောက်ခံရမှုနှင့်အတူ ဒေသခံများအနေဖြင့် လေကြောင်းအန္တရာယ်သတိပေးချက်များ မရရှိနိုင်မှုများ ကြုံခဲ့ရကြောင်းလည်း ဖော်ပြသည်။
စစ်ကိုင်းတိုင်းအတွင်း နေထိုင်သူအမျိုးသမီးတစ်ဦးက “လေကြောင်းသတိပေးစနစ်လုပ်ထားလည်း အင်တာနက်ရမှ ကြည့်လို့ရတဲ့ဟာမျိုးကို အားကိုးနေရတော့ သတိပေးချက်မရရင် ဘယ်လိုမှ ကြိုတင်ပုန်းခိုနိုင်ဖို့ မဖြစ်နိုင်တဲ့အတွက် အင်တာနက်ပြတ်ပြီဆိုရင်တော့ ပုံမှန်ထက် ပိုခက်ခဲတဲ့ အခြေအနေပေါ့။ တချို့နေရာတွေမှာ စစ်ကြောင်းလာရင် ပက်ပင်းမတိုးစေဖို့အတွက် အချင်းချင်းသတိပေး၊ အန္တရာယ်ရှိတဲ့အခြေအနေကို တစ်ယောက်နဲ့တစ်ယောက် အင်တာနက်နဲ့ပဲ မျှဝေရတော့ ဒီအင်တာနက်လိုင်းပြတ်တောက်သွားပြီ၊ လိုင်းနှေးသွားပြီဆိုတာနဲ့ ပိုပြီးတော့ စိုးရိမ်စရာဖြစ်တာပေါ့” ဟု ပြောသည်။
ယင်းအပြင် သတင်းဌာနအချို့အား ပိတ်သိမ်းမှုများကို အာဏာသိမ်းစစ်အုပ်စုက ယင်းကာလအတွင်း ပြုလုပ်ခဲ့သကဲ့သို့ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံနှင့် စစ်အစိုးရထိန်းချုပ်မီဒီယာများကြားတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်လာကြောင်း ဆိုထားသည်။
ယင်းအပြင် အာဏာသိမ်းစစ်အုပ်စုဘက်မှလည်း အွန်လိုင်းပေါ် ရေးသားပြောဆိုဝေဖန်မှုများနှင့် ပတ်သက်၍ စောင့်ကြည့်ဖမ်းဆီးအရေးယူမှုများရှိနေပြီး ၃ နှစ်တာကာလအတွင်း ပြည်သူ ၂,၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်အုပ်စုဘက်မှ ထုတ်ပြန်ပြောဆိုထားသည်။
လက်ရှိ ရွေးတုအစိုးရ ဦးမင်းအောင်လှိုင်၏ အစိုးရသက်တမ်း ၂ လတာကာလအတွင်း စစ်အုပ်စုထိန်းချုပ်ရာဒေသများရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဖမ်းဆီးမှု၊ ဧည့်စာရင်းစစ်ဖမ်းဆီးမှုများကြောင့် ပြည်သူ ၇၄၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း စစ်အုပ်စု ထုတ်ပြန်ချက်အရ သိရသည်။
DMG