စစ်ကောင်စီ ဝီယော်တပ်စခန်း ၂ ရက်အတွင်း ၃ ကြိမ်တိုင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

By MPM 13 ဇွန်, 2023 👁

ကေအဲန်ယူတပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့နယ် ဝီယော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၉ ကို ဒရုန်းဖြင့် ၃ ကြိမ်တိုင် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ၏ ဝီယော်တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်/ KNLA ပူးပေါင်း တပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်တွင် ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်မှု ၁ ကြိမ်၊ ဇွန်လ ၁၀ ရက်တွင် ၂ ကြိမ်တိုင် လုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်မှုများ တုံ့ပြန်လုပ်ဆောင်ခဲ့ကြောင်း နယ်မြေခံတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက လက်နက်ကြီး ၁၀ လုံး ထက်မနည်း ထုံးဘိုကြီး ကျေးရွာဘက်သို့ တုံ့ပြန် ပစ်ခတ်သဖြင့် ရွာအတွင်း လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အထက်တန်းကျောင်း အုတ်တံတိုင်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သထုံမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်နက်ကြီး ခြောက်လုံးက မိချောင်းကုန်းရွာကို ကျတယ် ခြောက်မိုင်ကုန်းမှာက လက်နက်ကြီး နှစ်လုံး ကျတယ်၊ လူတော့ မထိဘူး။ လယ်မြေခြံမြေထဲပဲ ကျတာဆိုတော့ သီးပင်တွေ ပျက်စီး ကုန်တာတော့ ရှိတယ်။ ထုံးဘိုကြီးမှာကျတော့ အထက ထုံးဘိုလေးကျောင်း အုတ်တံတား ပျက်စီးသွားတယ်” ဟု ၎င်းက ပြောသည်။

အလားတူ ဇွန်လ ၁၀ ရက်က ထိုစခန်းအား ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယမန်နေ့ကအတိုင်း ကျေးရွာများဘက်သို့ လက်နက်ကြီး ၁၆လုံး ထပ်မံ တုံ့ပြန်ပစ်ခတ်သဖြင့် ထုံးဘိုလေးရွာ ဘုန်းကြီးကျောင်းဝင်းနှင့် ထီးညာလီတောင် ကညင်ရွာရှိ စိုက်ပျိုး ခြံဝင်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသခံများက ပြောသည်။

ဝီယော်တပ်စခန်းကို ဇွန်လ ၁၀ ရက်က ပူးပေါင်းတပ်များ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ (၁) သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က အတည်ပြု ပြောဆိုသည်။

“ကျန်တဲ့ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်မှု ရှိမရှိတော့ မသိသေးဘူး ၁၀ ရက်နေ့ နေ့လည်က ပစ်ခတ်မှုမှာတော့ သူတို့ဘက်က နှစ်ယောက် ထိတယ်” ဟု ပဒိုစောအေးနိုင်က ပြောသည်။

စစ်ကောင်စီ ဝီယော်တပ်စခန်းက နီးစပ်ရာ ကျေးရွာများသို့ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ စခန်းအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများအား ဖမ်းဆီးခြိမ်းခြောက် သတ်ဖြတ်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို အခွင့်မရှိဘဲ ယူဆောင်ခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည့်အတွက် နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားကြောင်း ကေအဲန်ယူသထုံခရိုင်၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းက ပိန္နဲတောရွာ အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် ပိန္နဲတောအောက်ရွာနေ ဒေသခံ ဦးမောင်ကူ၏ နေအိမ် လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကေအိုင်စီ ပေးပို့သည်