စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်၊ ဝုမ်းခုန်ရွာအလယ်တန်းကျောင်း ပျက်စီး

By MPM 12 ဇူလိုင်, 2023 👁

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အလယ်တန်း ကျောင်းဆောင် တစ်ခုလုံး ပျက်စီးသွားပြီး ကျောင်းသားကျောင်းသူ ၁၀၀ ကျော် အတွက် တက်စရာကျောင်း မရှိတော့ကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

အလယ်တန်းအထိ ဖွင့်လှစ်သင်ကြားနေသည့် အဆိုပါ ကျေးရွာစာသင်ကျောင်းဆောင် အများအပြား ထိခိုက် ပျက်စီးသွားပြီး ပြန်လည်ထူထောင်ရန် အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ဆိုသည်။

မင်းတပ်မြို့နယ် စစ်ရှောင်စခန်း စီမံခန့်ခွဲရေး ကော်မတီတာဝန်ခံ ကိုလောရန်က “ အဲဒီကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားလေးတွေ တက်စရာကျောင်း မရှိတော့ဘူး။ အဲဒီကျောင်းဆောင် အကုန်လုံး ပျက်စီးသွားတယ်။ လေးကြိမ်တိတိ ဗုံးကြဲ တိုက်ခိုက်တာဆိုတော့ အဲဒီရွာနဲ့ ကျနော်နေတဲ့ နေရာနဲ့ မဝေးဘူး နီးတယ်။ အဲရွာ ဗုံးကြဲချိန် ကျနော်လည်း ထွက်ပြေးပြီး ပုန်းနေရတာပေါ့။ ကျောင်းဖွင့်တဲ့ရက် ဆိုရင်တော့ အကုန်လုံးနီးပါးသေမှာ၊ ကျောင်းပိတ်ရက်မို့ ကျနော်တို့ ကံကောင်းတယ်” လို့ ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့က ဝုမ်းခုန်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ အတွဲလိုက် ဗုံးသီး ၄ လုံး၊ ရော့ကတ်၊ ပွိုင့်ဖိုက်ကျည်များဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး၊ မင်းတပ်မြို့ရှိ မလရ ၂၇၄ တပ်မှလည်း လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခဲ့သည်ဟု မင်းတပ်စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ရာ ကလေးငယ် တစ်ဦးနှင့် နို့တိုက်မိခင် တစ်ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကျေးရွာရှိ နေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်ပျက်စီးသွားသည်ဟု ကူညီနေသူများက ပြောသည်။

ဝုမ်းခုန်ကျေးရွာတွင် တခြားကျေးရွာတွေက လာရောက်စစ်ဘေးရှောင်သူ ၄၀ ခန့် အပါအဝင် ကျေးရွာခံပြည်သူ ၂၀၀ ခန့် ရှိပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့အထိ ရွာကို ပြန်မလာရဲဘဲ ထိန့်လန့်ကြောက်ရွံ့ နေကြသည်ဟု ကူညီနေသူများက ပြောဆိုသည်။

သေဆုံးသွားသည့် ကျေးရွာသားပြည်သူ ၃ ဦး ၏ အသုဘအခမ်းအနားကိုလည်း ရွာပြင်မှာပဲ ကြောက်ရွံ့မှုကြား လုပ်ရပြီး လက်ရှိတွင် ဒေသခံရွာသားများသည် တောင်ယာတဲတွေထဲ နေထိုင်ကြသည်ဟု သိရသည်။

စစ်ရှောင်ပြည်သူများသည် ခက်ခဲစွာ ရပ်တည်နေရပြီး လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း၊ သယ်ယူပို့ဆောင်ရေး မလွယ်ကူသည့်အတွက် ငွေကြေးထောက်ပံ့ရန် ကြိုးစားနေပြီး ကူညီထည့်ဝင်ပေးကြရန် လိုအပ်သည်ဟု မင်းတပ်စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် လုပ်ခေးကျေးရွာကို လူသားချင်း စာနာမှု အကူအညီများ ပေးနိုင်ရန် ကြိုးစားနေကြောင်း၊ ၂၀၂၃ ခုနှစ် ၆ လတာအတွင်း စစ်ကောင်စီ၏ စစ်ကြောင်း၊ လေကြောင်း၊ လက်နက်ကြီးနှင့် တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့သော မင်းတပ်မြို့နယ်ထဲက ကျေးရွာများမှ စစ်ဘေးရှောင်များကို သိန်းငါးရာကျော်ခန့် ကူညီပေးထာသည်ဟု မင်းတပ်စစ်ရှောင်ကော်မတီမှ သိရသည်။

KMG ပေးပို့သည်။