စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် ထန်တလန်တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိ

By MPM 5 ဇွန်, 2023 👁

ခုခံတော်လှန်စစ် ပြင်းထန်နေသည့် ချင်းပြည်နယ်တွင် ယခု ၂၀၂၃-၂၀၂၄ ကျောင်းစာသင်နှစ်တွင် ထန်တလန်မြို့နယ်ကလွဲပြီး ကျန် ၈ မြို့နယ်ရှိ ကျောင်းပေါင်း ၃၀၀ ကျော်သာ ဖွင့်လှစ်ခဲ့ကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအား ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်စေရာတွင် ချင်းပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်က ကျောင်းပေါင်း ၃၂၈ ကျောင်းသာ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၅,၄၃၄ ဦး တက်ရောက်ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးက ပြုစုထုတ်ပြန်သော စာရင်းအရ သိရသည်။

ယခုပညာသင်နှစ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော် ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီ လက်အောက်တွင် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှု အများဆုံး ဖြစ်သည်ဟု သိရသည်။

ဟားခါးမြို့ခံ ကျောင်းသားမိဘတစ်ဦးက “ ဒီနှစ်က ရပ်ကွက်ထဲကလူတွေရော ကျောင်းအပ်တဲ့သူတွေ တော်တော်များတယ်။ အဓိကတော့ ကလေးတွေက ကျောင်းမတက်တာ ဒီနှစ်နဲ့ဆို ၃ နှစ် ရှိပြီလေ။ ကျွန်မကလေးဆို အခု ၈ နှစ်ရှိပြီ၊ အခုထိ KG မတက်ရသေးဘူး။ သူတို့ အသက်သာ ကြီးလာတာ ကျောင်းမတက်တော့ ဖုန်းပဲဆော့ကြတယ်။ ဆိုတော့ သူများကလေးတေွလဲ တက်တယ်၊ ကိုယ့်ကလေးကျ မတက်ခိုင်းရင် အောက်ကျနောက်ကျ ဖြစ်မယ်။ တဖက်မှာလဲ စစ်တပ်လက်အောက်မှာတော့ မတက်စေချင်ဘူးပေါ့နော်။ ဒါပေမယ့် မြို့ပေါ်မှာက NUG ဖွင့်တဲ့ ကျောင်းလည်းမရှိ၊ ပြီးတော့ ကိုယ်ပိုင်ကျောင်းတွေမှာ ထားဖို့ကလည်း ၁ လ ၁ သိန်းဆိုတော့ မတတ်နိုင်ပြန်ဘူး။ အစိုးရကျောင်းမှာ အပ်ဖို့ပဲ ရှိတော့တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က တမြို့လုံး မီးရှို့ဖျက်ဆီးခဲ့သည့် ထန်တလန်မြို့နယ်တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသော်လည်း ယခုစာသင်နှစ်တွင် ပလက်ဝမြို့နယ်သည် ကျောင်းတက်ရောက်မှု အများဆုံးဖြစ်ပြီး ကျောင်းသားဦးရေ ၁၇,၃၂၂ ဦး တက်ရောက်သည်ဟု ချင်းပြည်နယ်ပညာရေးမှူးရုံး မှတ်တမ်းအရ သိရသည်။

ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားအကောင်းဆုံး ပြည်နယ်ဖြစ်ကာ သင်ကြားရေးပိုင်းတွင် အခက်အခဲရှိနိုင်မည်ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

“အခုလို ကျောင်းဖွင့်တော့ စာသင်ပေးမယ့် ကျောင်းဆရာ၊ဆရာမ လောက်မှာ မဟုတ်ဘူး။ သင်ကြားရေးပိုင်း ကတော့ အားနည်းမှာ သေချာတယ်။ ဒါပေမယ့် ကလေးတွေက အခုဒီနှစ်နဲ့ဆို ကျောင်းမတက်ရတာ ၃ နှစ် ရှိပြီဆိုတော့ တော်တော်လေးကို နောက်ကျနေကြပြီလေ။ ပြီးတော့ သူတို့အိမ်မှာ ဖုန်းကြည့်၊ ဆော့တာထက် ကျောင်းမှာ စာ ၁၀ ပုံ ၁ ပုံပဲရရ ကိုယ်ပိုင်ကျောင်းတွေမှာ မထားနိုင်ဘူး၊ ပိုက်ဆံမရှိဘူး ဆိုရင်တော့ အစိုးရ ကျောင်းထားရမှာပဲ” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၁၅၁၆ ကျောင်း ရှိသည့်အနက် ၃၂၈ ကျောင်းသာ ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး ကျောင်းဆရာ၊ဆရာမ စုစုပေါင်း ၉၆၆၇ ဝန်းကျင် ရှိသော်လည်း ၄၀၀၀ ကျော်သည် CDM လှုပ်ရှားမှုတွင် ပါဝင်ကြသည့်အတွက် သင်ကြားရေးပိုင်းတွင် အခက်ကြုံရနိုင်သည်ဟု ကျောင်းသားမိဘများ ပြောဆိုချက်အရ သိရသည်။

ခိုနူမ်းသုန်သတင်း (KMG) ပေးပို့သည်