စစ်ကောင်စီ၏ ယာယီအပစ်ရပ်သက်တမ်းတိုးမှု ယုံကြည်စရာမရှိဟု မွန်၊ ကရင် တိုင်းရင်းသားအင်အားစုက တုံ့ပြန်

By MPM 23 ဧပြီ, 2025 👁

စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်လိုက်သည့် ထုတ်ပြန်ကြေညာချက်အပေါ် ယုံကြည်စရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး – KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က တုံ့ပြန်ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဘေးဒဏ်ကနေ ပြန်လည်ထူထောင်ရေးအတွက်ဆိုကာ ယာယီအပစ်ခတ်ရပ်စဲရေးပြုလုပ်ရန် ကြေညာထားသည့် ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကာလကို ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်သည်ဟု ဧပြီ ၂၂ ရက်နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

လက်တွေ့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေမှုကြောင့် ပြည်သူလူထု ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေ၌ စစ်ကောင်စီ၏ အပစ်ရပ်သက်တမ်းတိုးမှုသည် မြေပြင်ထိုးစစ်ဆင်ရန် အင်အားနည်းချိန် ၎င်းတို့အကျိုးအမြတ်ရရှိစေရေး အကြောင်းပြချက်သာဖြစ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ အယုံမလွယ်ကြရန် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေက ပြောသည်။

“ကျနော့်အမြင်အရ မင်းအောင်လှိုင်က သူ့စစ်တပ်အတွက် အကျိုးအမြတ်ပိုများလာအောင်လုပ်တာ။ ယာယီ အပစ်ရပ်မယ်ဆိုတာ အကြောင်းပြချက်ပဲ။ ကျနော်တို့လက်နက်ကိုင်အဖွဲ့တွေကို ထောင်ချောက်ဆင်တာ။ အပစ်သာ တကယ်ရပ်မယ်ဆို လေယာဉ်တွေ လွှတ်စရာအကြောင်းမရှိဘူး။ အနှစ်၇၀ ကျော် ကျနော်တို့ရဲ့ တော်လှန်ရေးအတွေ့အကြုံအရ မာနယ်ပလောကာလတုန်းကလည်း ဒီတိုင်းပဲသူတို့ပြောဖူးတယ်။ ကျနော်တို့ ယုံမိတော့ ကျနော်တို့ခံလိုက်ရတယ်။ တို့လက်နက်ကိုင်အဖွဲ့တွေကတော့ အယုံမလွယ်ကြနဲ့ပေါ့” ဟု ဗိုလ်မှုးချုပ် စောရှီးလေက သတိပေးပြောဆိုသည်။

စစ်ကောင်စီက ယာယီအပစ်ရပ်ကာလအဖြစ် စတင်သတ်မှတ်သည့် ဧပြီလ ၂ ရက်နေ့က ကြေညာချက်တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အင်အားစုဆောင်းခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ ၎င်းတို့ စစ်တပ်၊ ဌာနဆိုင်ရာနေရာများကို တိုက်ခိုက်ခြင်းမပြုလုပ်ရန်လည်း ထည့်သွင်းဖော်ပြခဲ့သည်။

တဖက်တွင် တိုက်ပွဲမရှိဘဲ ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက KNU တပ်မဟာ (၅) နယ်မြေသို့ လေကြောင်းနှင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ၃ လသားနှင့် ၁၂ နှစ်အရွယ် ကလေးငယ်တို့သေဆုံးပြီး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အတူ တပ်မဟာ (၄) နယ်မြေဘက်တွင်လည်း စစ်ကြောင်းထိုးတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံနှင့် KNU တာဝန်ရှိသူတို့က ပြောသည်။

ယင်းအပြင် KNU တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်၊ ကရင်ရွာများအပါအဝင် ကျေးရွာအများပြားရှိ ဘုန်းကြီးကျောင်းများ၊ လူနေထိုင်ရာနေအိမ်များသို့ ဧပြီ ၁၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ပြင်းထန်စွာလုပ်ဆောင်ခဲ့သဖြင့် သံဃာတော်နှင့်ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်။

NMSP- AD (မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောခွင့်ရ နိုင်ကောင်းစကားက “အပစ်ရပ်တယ်လို့ စပြောတဲ့နေ့ကတည်းက ဒီနေ့အချိန်ထိ စစ်ကောင်စီက ဘာမှတိုက်ပွဲမရှိတဲ့ ပြည်သူလူထုရဲ့အိုးအိမ်နေရာ တွေကို နေ့တိုင်းဗုံးကြဲမပြတ်ဘဲ။ ဘယ်လိုမှ ယုံကြည်လို့ရတဲ့ အနေအထားမဟုတ်ဘူး။ လေပေါ်မှာပဲပြောနေတာ နိုင်ငံရေးအရ လူကြားကောင်းအောင်ပြောနေတာလို့ပဲ ကျနော်တို့ယူဆတယ်” ဟု အပစ်ရပ်သက်တမ်းတိုးမှုကို တုံ့ပြန်ပြောဆိုသည်။

အလားတူ KNU တပ်မဟာ (၁)၊ တပ်မဟာ (၃) ဘက်တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာခြင်း၊ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများကို ပစ်ခတ်တိုက်ခိုက်မှုတို့ရှိခဲ့ပြီး ယခု ဧပြီလ တတိယပတ်အတွင်း KNU ထိန်းချုပ်နယ်မြေများ၌ သေဆုံးသူ ရဟန်းရှင်လူ ၂၀ ကျော်နှင့် ထိခိုက်သူ ၄၀ ဦးထိရှိလာကြောင်း စစ်ရှောင်ကူညီနေသူတို့က ပြောပါသည်။

တောင်ပိုင်းဒေသတွင်သာမက ငလျင်ဒဏ် အပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရသည့် အလယ်ပိုင်းဒေသရှိ စစ်ကိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်စဥ်မရှိသော်လည်း စစ်ကောင်စီတပ်ကနေ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်သည်အပါအဝင် ထိခိုက်သေဆုံးသည့် ပြည်သူ အများအပြားရှိနေသည်ဟု ဒေသတွင်းသတင်းမီဒီယာများက ရေးသားဖော်ပြသည်။

KIC ပေးပို့သည်။