စစ်ကောင်စီသံချပ်ကာယာဉ် ၂ စီး ချေမှုန်းနိုင်သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ကို NUG က ကျပ် သိန်း ၄၀၀၀ ချီးမြှင့်

By MPM 5 ဇူလိုင်, 2023 👁

စစ်ကောင်စီ၏ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်ငွေ သိန်း ၄၀၀၀ ကို ဂုဏ်ပြုချီးမြှင့်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၂ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးတွင် စိစစ်ချီးမြှင့်ရေးအဖွဲ့က ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ (CDFs) တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့သည်ဟု အမျိုးသားညီညတ်ရေးအစိုးရက ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်က ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်က စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၂ စီးနှင့် ယာဉ်တန်းကို တိုက်ခိုက်ဖျက်စီးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရှိပြီး သေဆုံးမှုများလည်းရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များ ပြောသည်။

သံချပ်ကာယာဉ်တစ်စီးကို သိန်း ၂၀၀၀ နှုန်းနှင့် သံချပ်ကာယာဉ် ၂ စီးအတွက် ကျပ်သိန်း ၄၀၀၀ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည့် ကြေညာချက်နှင့်အညီ ဂုဏ်ပြုချီးမြင့်ခြင်းဖြစ်သည်။

ထိုသို့ဂုဏ်ပြုမှုနှင့် ပတ်သတ်ပြီး NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ က စလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူးလေးစားဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။

၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီး၊ ဒု-ဝန်ကြီး နှင့်အတူ CNF/CNA-CDFs တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

KMG ပေးပို့သည်။