စစ်ကောင်စီလက်ထက် စာနယ်ဇင်းလွတ်လပ်ခွင့် ကျဆင်းနေကြောင်း မီဒီယာအသိုင်းအဝိုင်းပြော

By MPM 3 မေ, 2023 👁

စစ်ကောင်စီလက်ထက်တွင် မြန်မာနိုင်ငံသတင်းသမားများ၏ စာနယ်ဇင်းလွတ်လပ်ခွင့် ကျဆင်းနေကြောင်းမတ်လ ၃ ရက်နေ့ရောက်သည့်ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင်အသိုင်းအဝိုင်းက ပြောဆိုလိုက်သည်။

စစ်အာဏာသိမ်းယူချိန်မှစ၍ မြန်မာနိုင်ငံ၏ သတင်းမီဒီယာအခန်းကဏ္ဍ ဆိတ်သုန်းသွားခဲ့ရပြီး ပြည်သူများ၏ သတင်းမှန်သိပိုင်ခွင့်မှာလည်း ဆုံးရှုံးသွားခဲ့ရကြောင်း သတင်းသမားများက ပြောဆိုကြသည်။

“မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်က အရင်ကထက် ပိုကျဆင်းလာခဲ့တယ်။ ကျဆင်းနေရတဲ့အကြောင်းကို ပြောရရင် အစိုးရ (စစ်ကောင်စီ)ကြောင့် ဖြစ်တယ်ဆိုတာကလည်း အမှန်တရားဖြစ်တယ်။ သတင်းလွပ်လပ်ခွင့်က တော်တော်လေးကို အရေးကြီးပါတယ်” ဟု ဝါရင့်သတင်းစာဆရာတစ်ဦးက ပြောသည်။

လက်ရှိမှာ စစ်ကောင်စီ၏ ပစ်မှတ်ထားခံရမှုကြောင့် သတင်းသမားများမှာ အခက်အခဲများစွာဖြင့် လုပ်ကိုင်နေကြရပြီး သတင်းရင်းမြစ်များကိုပါ ခြိမ်းခြောက်မှုများရှိနေသဖြင့် သတင်းရေးသားတင်ဆက်ရာတွင် စိန်ခေါ်မှုများစွာရှိကြောင်း သတင်းသမားများက ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား ၁၅၆ ဦး ဖမ်းဆီးခံထားရပြီး ယင်းအထဲမှ သတင်းသမား ၄ ဦး အသတ်ခံခဲ့ရသည်။ ယင်းအပြင် သတင်းမီဒီယာ ၁၃ ခုကိုလည်း ထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းပြီးနောက် သတင်းဌာနအများစုမှာ လွတ်မြောက်နယ်မြေ ဟုခေါ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ရခိုင်အခြေစိုက် အမျိုးသမီးသတင်းထောက်တစ်ဦးက “အမျိုးသမီးဆိုတော့ ပိုပြီးတော့ မလုံခြုံသလို ခံစားရတယ်။ ပြည်မဖက်မှာ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြုံရတယ်လို့ ကြားရတယ်” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့် Development Media Group၊ Western News၊ Narinjara၊ Border News Agency သတင်းဌာနများမှ သတင်းထောက်များနှင့် အယ်ဒီတာများ တရားစွဲဆိုခံထားရပြီး ၎င်းတို့မှာ လုံခြုံမည့်နေရာများသို့ တိမ်းရှောင်ကာ သတင်းများကို ရေးသားတင်ဆက်နေကြရသည်။

“သတင်းလွတ်လပ်ခွင့်ကတော့ အရမ်းကို အရေးကြီးတယ်။ သတင်းလွတ်လပ်ခွင့်မရှိရင် ကမ္ဘာကြီးမှာ ဘာဖြစ်နေမှန်းတောင် မသိနိုင်ဘူး။ အဲဒါကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ပေးဖို့ လိုအပ်တယ်” ဟု DMG သတင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇော်ဇော်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် – သတင်းသမားများကာကွယ်ရေးကော်မတီ (CPJ) ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် တတိယမြောက် ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှု အဆိုးဆုံးနိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI) ၏ အစီရင်ခံစာတွင်လည်း စစ်ကောင်စီလက်ထက်တွင် မီဒီယာများမှာ စိန်ခေါ်မှုများစွာရှိနေပြီး အထူးသဖြင့် တိုင်းရင်းသတင်းမီဒီယာများမှာ အခက်အခဲများစွာဖြင့် ရပ်တည်နေရကြောင်း ဖော်ပြသည်။

အောင်ထိန် (DMG) ပေးပို့သည်။