တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီမောရဝတီရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တာကြောင့် ရေဖြူဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်မှာ ဇွန်လ ၁၂ ရက်နေ့ အထိ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ရာဖူးရွာသစ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီမောရဝတီရေတပ်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒေသခံများ တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ မောရဝတီရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်၊ ရာဖူးကျေးရွာ၊ သာယာမွန်ကျေးရွာတို့မှ ဒေသခံ ၂၀၀ ကျော် တိမ်းရှောင်နေရသည်ဟု ရေဖြူဒေသခံ လူငယ်တစ်ဦးက ပြောဆိုသည်။
“အများစုက ဟံဂံဘက်ခြမ်းမှာ တိမ်းရှောင်နေကြတာ၊ တချို့ကြတော့ အသိရှိတဲ့ဘက်ကို သွားကြတယ်၊ စပစ်တဲ့နေ့ ပြီးကတည်းက ထွက်ပြေးကုန်ပြီ။ ရွာမှာလည်း ကျန်တဲ့လူတွေ ကျန်ခဲ့တယ်။ တစ်အိမ်မှာဆို တစ်ယောက်လောက် ကျန်ခဲ့တယ်။ ရွာမှာကြတော့လည်း စစ်ကောင်စီတပ်သားတွေ အကုန်လုံးနေရာ ယူထားကြတာ။ ရာဖူးရွာက တချို့အိမ်ကိုလည်း သိမ်းလိုက်ပြီး ဝင်နေလိုက်တယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဇွန်လ ၇ ရက်နေ့တွင် ရာဖူးရွာသစ်မှ အသက် ၄၀ ဝန်းကျင် ဇနီးမောင်နှံ ၂ ဦး၊ လသားအရွယ်ကလေးငယ် ၁ ဦးနှင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၁ ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ ရာဖူးရွာသစ်၊ ရာဖူးရွာနှင့် သယာမွန်ကျေးရွာအတွင်း စစ်ကောင်စီအဖွဲတို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်နေသည့်အပြင် ကျေးရွာအတွင်းရှိ ဒေသခံတို့၏ နေအိမ်တို့တွင်လည်း စခန်းချနေထိုင်နေသည်ဟု သိရသည်။
ထို့ကြောင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့ကို ပြန်လည်ထိုးစစ်ဆင်မည်ဟု မွန် – တနင်္သာရီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထုတ်ပြန်ထားသည့်နောက် တိုက်ပွဲပြင်းထန်မည်ကို ဒေသခံတို့က စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်။
ရေဖြူဒေသခံတစ်ဦးက “အခုဆိုရင် ထုတ်ပြန်ချက်ထုတ်ထားတာ တွေ့နေတာပဲ၊ နှစ်ဖက်တိုက်ပွဲပိုပြီး ပြန်ပြင်းထန်လာမယ်။ တကယ်ဖြစ်လာမှာကို စိုးရိမ်နေကြတယ်၊ တချို့ကြတော့ ကိုယ့်ရဲ့အိုးအိမ်တွေကို စိုးရိမ်နေကြတယ်။ အခြေအနေတွေက မတည်ငြိမ်နေတော့ ပြန်ချင်ပေမယ့်လည်း မပြန်ရဲကြဘူးÓ ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းကို ဆယ်သွယ်ထားသည့် ရေး-ထားဝယ် ကားလမ်းပိုင်းတွင် တိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်သည့်အတွက် ပြည်သူများ အရေးကြီးကိစ္စမှလွဲ၍ အသုံးမပြုရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။
မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ မလွှဲတောင်အနီးတဝိုက်ရှိ အလယ်စခန်း၊ လော့သိုင်း၊ ရာဖူးကျေးရွာဘက်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခဲ့သေးကြောင်း သိရသည်။
IMNA ပေးပို့သည်။