တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် ဖြစ်လာသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီ လက်အောက်ခံ NSPNC တို့ တွေ့ဆုံဆွေးနွေးမှုသည် သဘောတူညီချက် တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
အဆိုပါတွေ့ဆုံမှုသည် ဇွန်လ ၁ ရက် မှ ၃ ရက်နေ့ အထိ ပြုလုပ်ရန် လျာထားခဲ့သော်လည်း စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုသည် ဇွန် ၂ ရက်တွင် ပြီးဆုံးခဲ့သည်။
နှစ်ဖက်ဆွေးနွေးမှုမှ သဘောတူညီချက် တစုံတရာ မရရှိသော်လည်း ပြေပြေလည်လည်ဖြင့် ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့သည်ဟု NDAA (မိုင်းလားတပ်ဖွဲ့) အတွင်းရေးမှူး ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကျနော် ကိုယ်တိုင်ကတော့ အစည်းအဝေးခန်းမထဲကို အမြဲရှိနေတာတော့ မဟုတ်ဘူး။ ဒီဘက်က ကျနော်တို့ကလည်း သူတို့ လုံခြုံရေးတွေ၊ နေထိုင်စားသောက်ရေးတွေကို အဓိက စီစဉ်ပေးပါတယ်။ ဆွေးနွေးပွဲကတော့ ပြေပြေလည်လည် ပြီးသွားပါတယ်” ဟု ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းလားတပ်ဖွဲ့က ဆွေးနွေးပွဲ ဖြစ်မြောက်ရန် နေရာထိုင်ခင်း၊ စားသောက်ရေးနှင့် လုံခြုံရေး ကိစ္စကိုသာ အကျိုးဆောင်ပေးခြင်းဖြစ်သည်ဟု ဦးကြည်မြင့်က ပြောဆိုသည်။
စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် ဆွေးနွေးသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ရက္ခိုင့်တပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်တို့ ဖြစ်ကြပြီး၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်သည့် မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်က စတင်ပြီး ဇွန် ၂ ရက်တွင် ဆွေးနွေးမှု ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ NSPNC နှင့် ညီနောင်မဟာမိတ်တို့ တွေ့ဆုံဆွေးနွေးမှု လျာထားသည့်ရက် မတိုင်ခင် ပြီးဆုံးခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က “အဓိက ကတော့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လိုလိုလားလား ဆွေးနွေးချင်ပုံ မရဘူး။ တရုတ်တိုက်တွန်းမှုကို မလွဲသာလို့သာ အစည်းအဝေးလာတက် ရတယ်လေ” ဟု သုံးသပ်ပြောဆိုခဲ့သည်။
NSPNC နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသော်လည်း တရုတ်သံတမန်က ဝင်ရောက်ဆွေးနွေးခြင်း ရှိမရှိကို ရှင်းလင်းစွာ မသိရသေးပေ။
ယင်းတွေ့ဆုံမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီမှတင်ပြသည့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည် မဆွေးနွေးခဲ့သည့်အကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက သတင်းမီဒီယာများကို ဖြေကြားထားသည်။
ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း NSPNC နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။
ယင်းကဲ့သို့ ဆွေးနွေးမှုပြုလုပ်နေစဉ် ကာလအတွင်းမှာပင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တပ်ဖွဲ့ဝင်ဖြစ်သည့် ကိုးကန့် တပ်မတော် MNDAA နှင့် စစ်ကောင်စီတို့ လားရှိုးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
သျှမ်းသံတော်ဆင့် – ပေးပို့သည်