စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့ကဘုန်ကြီးကျောင်းနှင့် နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီး

By MPM 31 မတ်, 2024 👁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဇဝနာရာမ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၅၀၀ နီးပါး မီးလောင်ပြာကျ ပျက်စီးခဲ့သည်။

ဆီဆိုင်မြို့တွင် ဇန်နဝါရီလ နောက်ဆုံးပတ်က စတင်ပြီး ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် ၂ လကျော် တိုက်ပွဲကာလထဲ၌ စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်း၊ လက်နက်ကြီး စသည့် လက်နက်များနှင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ပစ်ခတ်မှုများထဲတွင် ဇဝနာရာမဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ်အဆောက်အအုံ အလုံးရေ ၅၀၀ နီးပါးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်း ဆိုတာက ဆီဆိုင်မြို့ ဂုဏ်ဆောင်တင်မကဘူး၊ ကျနော်တို့တစ်မျိုးသားလုံးရဲ့ ဂုဏ်ဆောင် ကျောင်း ဖြစ်တယ်ပေါ့။ ပြီးတော့ သံဃာအပါး ၅၀၀ ကျော်ကို ပရိယတ္တိဗုဒ္ဓစာပေ သင်ကြားပို့ချနေတဲ့ တကယ့် သာသနာပြုကျောင်း ဖြစ်တယ်ပေါ့။ ဒါကို စစ်ကောင်စီက ဒီတော်လှန်ရေး အင်အားစုနဲ့ လူထုကြားတွေကို သွေးခွဲ ချင်တဲ့အတွက် ဒီကျောင်းတော်ကြီးတွေကို တမင်သက်သက်ကို တိုက်ခိုက်ဖျက်ဆီးတာပေါ့နော်” ၎င်းက ဆိုသည်။

လတ်တလော ရရှိထားသည့် ပျက်စီးမှုစာရင်းများမှာ မြေပြင်အခြေအနေအရ လုံခြုံရေး အနည်းငယ်စိတ်ချရသည့် နေရာများတွင်သာ ကောက်ယူထားခြင်းဖြစ်ပြီး ယခုစာရင်းထက်လည်း ထိခိုက်ပျက်စီးမှုက ပိုများနိုင်သည်ဟု ပအိုးဝ်ဒေသခံများက ပြောသည်။

ထို့အပြင် ယခု ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ထောက်ခံသူများက တော်လှန်ရေး အင်အားစုများဘက်က လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဝါဒဖြန့်ထားသည်ဟု ဆိုသည်။

ယင်းကဲ့သို့ဝါဒဖြန့်မှုနှင့်ပတ်သက်၍ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အဲဒါကတော့ ဆင်သေကို ဆိတ်သရေနဲ့ဖုံးဖို့ ကြိုးစားနေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်ငံလုံးမှာ ဘာသာရေး အဆောက်အအုံတွေကို ပစ်ခတ်ဖျက်ဆီးတာ ဘယ်သူတွေပဲ လုပ်ဆောင်တယ်ဆိုတာ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး သိပြီးသားဖြစ်ပါတယ်” ဟု ပြောသည်။

နေအိမ် အဆောက်အအုံများ ပျက်စီးစေသည့် လက်နက်များ၊ ပေါင် ၅၀၀ ဗုံးများ၊ လေယာဉ်များမှာ တော်လှန်ရေး အင်အားစုများဘက်တွင် မရှိကြောင်းလည်း PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ဆက်လက်ပြီး ၎င်းက “ပြီးတော့ အဲဒီလိုမျိုး ကြီးကြီးမားမား အဆောက်အအုံတွေကို ပျက်စီးသွားအောင် ပစ်ခတ်ဖျက်ဆီးနိုင်တဲ့ လက်နက်ကြီးတွေ၊ မီးလောင်ဗုံးတွေ၊ ပေါင် ၅၀၀ ဗုံးတွေက တော်လှန်ရေး အင်အားစုတွေထဲမှာ မရှိပါဘူး။ ဒီလိုလက်နက်က စစ်ကောင်စီမှာပဲ ရှိတယ်ဆိုတာ ကမ္ဘာရော ပြည်သူရော သိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ဖျက်ဆီးပြီးတော့ တော်လှန်ရေး အင်အားစုတွေဘက်ကို လွှဲချဖို့ ကြိုးစားနေတာက ဆင်သေကို ဆိတ်သရေနဲ့ဖုံးဖို့ ကြိုးစားနေတာလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

လတ်တလော၌ စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်တို့က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နေ့စဉ်နီးပါး ထိုးစစ်ဆင်နေပြီး မြို့ဧရိယာ၏ ၃ ပုံ ၂ ပုံ မှာ တိုက်ပွဲများ၊ လေယာဉ်အပြင် လက်နက်ကြီးနှင့် ပစ်ခတ်မှုများထဲ မီးလောင်ပြာကျ ပျက်စီးကုန်ပြီဟု ဒေသခံများက ပြောသည်။

မတ်လ ၃၀ ရက်နေ့တုန်းကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပင်လောင်း – လွိုင်ကော် လမ်းမကြီးပေါ်ရှိ နောင်ဝိုးနှင့် ဆောင်းပြောင်းကျေးရွာကြားက လမ်းတံတားတစ်စီးကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံများက ပြောဆိုသည်။

NMG ပေးပို့သည်။