စစ်ကောင်စီတပ်က ယာယီအပစ်ရပ်စဲမှုကြေညာချက်ကို လိုက်နာစေလိုဟု တောင်ပိုင်းတော်လှန်ရေးအင်အားစုတို့ ပြောဆို

By MPM 8 ဧပြီ, 2025 👁

စစ်ကောင်စီအဖွဲ့က ၎င်းတို့ထုတ်ပြန်ထားသည့် ယာယီအပစ်ခတ်ရပ်စဲမှုကြေညာချက်ကို လိုက်နာပြီး မြေပြင်တွင် ပြုလုပ်နေသည့် စစ်ကြောင်းထိုးမှုနှင့်၊ လေကြောင်းတိုက်ခိုက်မှုတို့ကို ရပ်တန့်စေလိုကြောင်း မြန်မာပြည် တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုတို့က တိုက်တွန်းပြောဆိုသည်။

ငလျင်ဒဏ်ကြောင့်ထိခိုက်ခံစားနေရသည့် နိုင်ငံတဝှမ်းရှိ ပြည်သူများကို စာနာထောက်ထားခြင်းအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ကို အရှိန်ဟုန်မြှင့် ဆောင်ရွက်စေရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုသို့ကြေညာပြီးနောက် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ရေနက်ဆိပ်ကမ်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ဘက်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေပြီး၊ စစ်ကြောင်း ဆက်လက်ထိုးနေပါက ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်သည်ဟု ဒေါနတနင်္သာ-စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့မှ မြေပြင်တာဝန်ခံကို ယောနသံက ပြောသည်။

“တကယ်အပစ်ရပ်ချင်တယ်ဆိုရင် စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကိုလည်း အကုန်လုံးရပ်နားထားဖို့ လိုပါတယ်။ အပစ်ရပ်တယ်လို့ပြောပေမယ့် စစ်ကြောင်းထိုးတာတွေ လုပ်နေရင်တော့ သေချာတာက ထိတွေ့တိုက်ပွဲတွေက ဖြစ်ကိုဖြစ်မှာပါပဲ။ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထားဝယ် အထူးစီးပွားရေးဇုန်ဘက်မှာကတော့ စစ်ကြောင်းဆက်လက်ထိုးနေတုန်းပဲ” ဟု ယောနသံက ပြောသည်။

ထို့အပြင် ဧပြီလ ၅ ရက်နေ့တွင်လည်း ယာယီအပစ်ရပ်ထားသည့် စစ်ကောင်စီက သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်မှ ကလိန်ပဒေါကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အပြောနှင့်လက်တွေ့ကြအောင် လုပ်ဆောင်ခြင်း မရှိသည့်အတွက် ယာယီအပစ်ရပ် ကြေညာချက်ကို အယုံအကြည် မရှိကြောင်း၊ ၎င်းတို့အနေနှင့်လည်း ပြန်လည်တုန့်ပြန်ရန် လိုအပ်သည်တို့ကို ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

“စစ်ကြောင်းကတော့ လောဆယ်ငြိမ်နေပါသေးတယ်၊ ဒါပေမဲ့ သူတို့က အပြောတမျိုး အလုပ်တမျိုး ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားစရာရှိတာ ပြင်ဆင်ရမှာပဲ တုံ့ပြန်စရာရှိတာ တုံ့ပြန်ရမှာပဲ” ဟု ၎င်းက ပြောသည်။

ယာယီအပစ်ခတ်ရပ်စဲမှု ရက် ၂၀ ရပ်နားထားချိန်တွင် မြန်မာပြည်တောင်ပိုင်းဒေသအပါအဝင် ကချင်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် နေရာအနှံ့တို့ကို စည်းကမ်းချိုးဖောက်၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတို့ကို လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံအတွင်း ပြည်သူများငလျင်ဒဏ်သင့်၍ ထိတ်လန့်နေစဉ် ထောင်နှင့်ချီသည့် ပြည်သူများ၏ အသက်ကိုမမူဘဲ စစ်ကောင်စီက အာဏာနှင့် စီးပွားရေးကိုသာကာကွယ်ပြီး စစ်ကြောင်းထိုးလုပ်ဆောင်ခြင်းသည် ၎င်းတို့၏ ပင်ကိုယ်စရိုက်ကို ပိုမိုပေါ်လွင်စေကြောင်းလည်း တော်လှန်ရေးအင်အားစုတို့ မှတ်ချက်ပြုပြောဆိုလျှက်ရှိသည်။

အမျိုးသားညီညွှတ်ရေးအစိုး NUG က လက်ရှိငလျင်ဘေးဒဏ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူညီများပေးရန် နိုင်ငံတဝှမ်းရှိ ထိုးစစ်များကို နှစ်ပတ်ကြာရပ်နားကြောင်း ထုတ်ပြန်ထားသည်။

ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်လုပ်နိုင်ရန်အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော်- AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA၊ ကိုးကန့်တပ် MNDAA တို့ကလည်း ဧပြီလ ၁ ရက်နေ့ကစပြီး တစ်လကြာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ တော်လှန်ရေးအဖွဲ့တို့ အပစ်ရပ်ထားသည့်နေရာကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်နေဆဲဖြစ်သဖြင့် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီးလူးအဖွဲ့အနေဖြင့် အပစ်ခတ်ရပ်စဲမည်မဟုတ်ကြောင်း ဧပြီလ ၂ ရက်နေ့က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

IMNA ပေးပို့သည်။