ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာဆယ်ရွာခန့်မှ ချင်းလူမျိုး ၁၀၀ ကျော်ကို စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ဖိအားပေးခေါ်ဆောင်နေကြောင်း အမ်းဒေသခံတို့ထံမှ သိရသည်။
မင်းဘူး – အမ်း ကားလမ်းတလျှောက်ရှိ ချင်းလူမျိုးနေထိုင်သည့် ဆင်ခုံတိုင်၊ ပတ်ကွေ့၊ ကြက်ရေကျွန်း၊ ပိန်ရေစမ်း၊ တောင်စောက် စသည့်ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီတပ်သားများကိုယ်တိုင် လာရောက်ပြောဆိုခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတဆင့် ဖိအားပေးခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
အမ်းဒေသခံအမျိုးသားတစ်ဦးက “စစ်မှုထမ်းဖို့လာပြောတာ နှစ်ကြိမ်ထိရှိပြီ။ ရွာမှာက ဒေသခံတွေ သိပ်မရှိတော့ ရှိတဲ့သူတွေကိုပဲ စစ်မှုထမ်းဖို့ မဖြစ်မနေလာရမယ်လို့ ပြောတယ်” ဟု ဆိုပါသည်။
စစ်မှုထမ်းရန်အတွက် တောင်စောက်ရွာမှ ၂၀ ဦး၊ ပတ်ကွေ့ရွာမှ ၂၀ ဦး၊ ကြက်ရေကျွန်းရွာမှ ၁၀ ဦး၊ ပိန်ရေစမ်းရွာမှ ၁၀ ဦး၊ ကမြင်းကန်ရွာမှ ၁၀ ဦး၊ ဆင်ခုံတိုင်ရွာမှ ၂၀ ဦး အပါအဝင် အခြားကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီက ဖိအားပေးထားခြင်း ဖြစ်သည်။
အမ်းဒေသခံ ချင်းလူငယ်တစ်ဦးက “စစ်ကောင်စီထိန်းချုပ်ဆဲ ဒေသတွေမှာတော့ အာဏာသုံးပြီး စစ်မှုထမ်းဖို့ ခေါ်နေတာတွေကို တွေ့မြင်နေရတယ်။ သူတို့မှာအာဏာရှိတော့ ဒေသခံတွေမှာလည်း မလွန်ဆန်နိုင်ဘူး။ ပြေးစရာမြေလည်း မရှိဘူး” ဟု ပြောသည်။
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“စစ်မှုထမ်းဖို့ ခေါ်နေတယ်။ လူစာရင်းလည်း ကောက်သွားပြီလို့ သိရတယ်။ ဒါပေမယ့် သွားတဲ့လူတွေတော့ မတွေ့ရသေးဘူး။ အကုန်လုံးနီးပါးက စစ်ဘေးရှောင်နေကြတော့ ဘာတွေဖြစ်လာမလဲတောင် မသိတော့ဘူး” ဟု အမ်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံတဝန်း စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြဌာန်းလိုက်သည်။
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားဆဲ ရခိုင်ပြည်အတွင်း မြို့နယ်များမှ ဒေသခံများကို စစ်မှုထမ်းရန် ဖိအားပေး ခြိမ်းခြောက်ကာ အဓမ္မခေါ်ဆောင်နေ၍ လူငယ်အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အောင်ထိန် (DMG) – ပေးပို့သည်။