စစ်ကောင်စီက မြစ်ကြီးနားမီးရထားဝင်းမှ CDM ဝန်ထမ်းများကို ကျုးကျော်ဆိုပြီး အတင်းအကြပ်နှင်ထုတ်

By MPM 5 ဇွန်, 2023 👁

စစ်ကောင်စီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် မီးရထားဝင်းအိမ်ရာရှိ CDM မီးရထားဝန်ထမ်းမိသားစုများ နေထိုင်ကြသည့် လိုင်းခန်းနှင့် ဆိုင်ခန်းများကို ကျူးကျော်ဟုဆိုပြီး အတင်းအကြပ် ဖယ်ရှားလုပ်ဆောင်နေကြောင်း သိရသည်။

မီးရထား CDM ဝန်ထမ်းများကိုလည်း ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး လိုင်းခန်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းမှ အပြီးတိုင် ရှင်းလင်းထွက်ခွာကြရန် သတိပေးသည့် ဆိုင်းဘုတ်ကို စစ်ကောင်စီက မေလနောက်ဆုံးပတ်က လာရောက်စိုက်ထူကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် CDM မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

“သူတို့ အဲသတိပေးဆိုင်းဘုတ်လာကပ်တဲ့နေ့ကစတာ၊ ဆိုင်ခန်း၊ လိုင်းခန်းတွေအကုန်လုံး အင်အားသုံးပြီးတော့ မြေတူးစက်တွေနဲ့ဖယ်ရှားဖို့ ပြင်နေပြီ။ ပြီးတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်သားတွေ စစ်ကားနဲ့လာပြီး ကတုတ်ကျင်း၊ ဘန်ကာတွေဆောက်နေကြပြီ” ဟု ၎င်းက ပြောသည်။

CDM မီးရထား ဝန်ထမ်းမိသားစုများအား သတ်မှတ်ရက် နောက်ဆုံးထား ထွက်ခွာခြင်းမရှိပါက ၁၉၉၅ ခုနှစ် အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့အညီ အနိုင်အထက်ပြုခြင်းနှင့် ဖယ်ရှားသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ သတိပေးဆိုင်းဘုတ်တွင် ရေးသားထားကြောင်း အဆိုပါမီးရထားဝန်ထမ်းက ဆက်ပြောသည်။

အောင်နန်းရပ်ကွက် မီးရထားဝင်းအိမ်ရာတွင် နေထိုင်သည့် မီးရထားဝန်ထမ်း မိသားစုအများစုသည် CDM ပြုလုပ်ထားသူ အများစု ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် CDM ပြုလုပ်ကြသည့် ဝန်ထမ်းများစွာရှိသည့်အနက် ကချင်ပြည်နယ်တွင် CDM ပြုလုပ်သည့် ဝန်ထမ်းများတွင် မီးရထားဝန်ထမ်းများက အများဆုံး ဖြစ်သည်။

စစ်ကောင်စီက ထိုသို့ကျူးကျော်ဟုဆိုပြီး အတင်းအကြပ် နှင်ထုတ်နေသည့် အခြေအနေကြောင့် CDM မီးရထား ဝန်ထမ်းမိသားစုများသည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် အမိုးအကာမဲ့ သွားရောက်နေထိုင်သူများရှိနေပြီး မြစ်ကြီးနားမြို့ ရပ်ကွက်အချို့ရှိ စျေးဆိုင်များတွင် ညအိပ်သူများလည်းရှိကြောင်း သိရှိရသည်။

Kachin News Group – ပေးပို့သည်