စစ်ကောင်စီက တွန်းဇံ၊ လုံတပ်ကျေးရွာကို လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

By MPM 13 မေ, 2024 👁

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ် ၇ လုံးပျက်စီးပြီး ကျေးရွာ ၅ ရွာမှ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာ (Lungtak) ကို မေလ ၁၁ ရက် ည ၉ နာရီခန့်က စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာတွင် ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနှင့် အရပ်သားနေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

“လေကြောင်းတိုက်ခိုက်မှုက အနည်းဆုံး ၂ ကြိမ်လို့ သိရတယ်။ ပြည်သူလူထုတွေရဲ့ ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှု ကတေ့ာ မသိရသေးဘူး။ အဲဒီရွာက ပြည်သူလူထုတွေက စစ်ဘေးရှောင်နေကြပြီလို့ သိရတယ်။ လုံတပ်ရွာဘေး အနားက တချို့ရွာတွေလည်း စစ်ဘေးရှောင်နေကြပြီ” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

တွန်းဇံမြို့နယ်တွင် ချင်းအမျိုးသားတပ်မတော်/ CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် ZRA – EC တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်းများထွက်ပေါ်လာချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီက တွန်းဇံမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

“တွန်းဇံမြို့နယ် တချို့ရွာတွေနဲ့ လုံတပ်ရွာအပါအဝင် တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ ချင်းအမျိုးသားတပ်ဦး ဦးဆောင်တဲ့အဖွဲ့နဲ့ တခြားလက်နက်ကိုင် အစုအဖွဲ့တွေလို့ ကြားရတယ်။ ZRA လား ၊ စစ်ကောင်စီလား မသိသေး ဘူး။ စစ်ကောင်စီနဲ့ ဖြစ်မယ်လို့ ယူဆတယ်။ တိုက်ပွဲကြောင့် ဗုံးကြဲမှုတွေ ဖြစ်တယ်ဆိုတော့ စစ်ကောင်စီနဲ့ ဖြစ်တယ်လို့ပဲ မြင်ကြတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

လက်ရှိတွင် လုံတပ်ကျေးရွာနှင့် ထိုအနီးဝန်းကျင် ကျေးရွာ ၅ ရွာခန့်မှ ဒေသခံပြည်သူ တစ်ထောင်ကျော်သည် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

တွန်းဇံမြို့နယ် အဝင်အထွက်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသကဲ့သလို့ ကျီခါးမြို့ဝန်းကျင်တွင်လည်း ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မေလဆန်းပိုင်းမှ စတင်၍ တွန်းဇံမြို့ပေါ် ရဲစခန်းအနီးဝန်းကျင်က ဒေသခံများသည် မြို့ပေါ် တိုက်ပွဲ သတင်းများကြောင့် နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်သွားပြီးဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်ရှိ အများပြည်သူမှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ဘဲ ရှောင်ရှားပေးရန် ပြီးခဲ့သညိိ့မေလ ၃ ရက်နေ့က တွန်းဇံမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်စုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများက ပန်ကြားလွှာ ထုတ်ပြန်သည်။

တွန်းဇံမြို့နယ်အတွင်းက ပြည်သူလူထုသည် အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးနစ်နာမှုများထဲသို့ ဆင်းသက်ကျရောက်မည်ကို မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများက အထူးစိုးရိမ်မကင်းဖြစ်နေရသည်ဟု ထုတ်ပြန်ထားသည်။

တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ်အပါအဝင် ZRA (EC)၊ PDF- Zoland၊ CDF – တွန်းဇံနှင့် PDF ခေါ် Thahdo Defense Force စသည့် လက်နက်ကိုင်တပ်ဖွဲ့များ အခြေပြု လှုပ်ရှားနေကြကြောင်း သိရသည်။

KMG ပေးပို့သည်။