စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများကို ဇူလိုင်လ ၃ ရက်နေ့ကစပြီး ပိတ်ပင်ထားသည်ဟု သိရသည်။
စစ်ကောင်စီက ခရီးသွားပြည်သူများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေသည့် ကလေး-တီးတိန် ကားလမ်းပေါ်ရှိ သိုင်ငင်းကျေးရွာအနီးတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်မည်ဟု CDM-Siyin တပ်ဖွဲ့မှ ကြေညာခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၃ ရက်မှစတင်ပြီး ကလေးမြို့မှ ချင်းတောင်သို့ ယာဉ်ထွက်ခွါခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားခြင်းဖြစ်သည်။
ယင်းသို့တားမြစ်ချက်နှင့် ပတ်သက်ပြီး CDM-Siyin တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ သိုင်ငင်းစစ်တပ်ကင်းစခန်းကို ပစ်မယ်လို့ ထုတ်ပြန်လိုက်ပြီးတဲ့နောက် ၈ မိုင် ကနေ မထွက်ခိုင်းတော့ဘူး၊ ခရီသွားသူတွေကို ကလေး – သိုင်ငင်းကြားမှာ PDF တွေ အများကြီးရှိတယ်။ နင်တို့ကို ပစ်လိမ့်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ကြားတယ်ပေါ့နော်။ တကယ်တမ်းတော့ သူတို့က စစ်ကြောင်းထိုးဖို့ တက်ချင်နေတာလို့ ကြားတယ်” ဟု ပြောသည်။
ကလေး-တီးတိန် ကားလမ်းမပေါ်တွင် တည်ရှိသည့် သိုင်ငင်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းသည် ခရီးသွားပြည်သူများထဲမှ လူငယ်များကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရိုက်နှိက်ခြင်းများ ပိုမို ပြုလုပ်လာသောကြောင့် စစ်ကောင်စီတပ်စခန်းကို သွားရောက်ပစ်ခတ်ရန်နှင့် ဒေသခံများအား လုံခြုံသည့်နေရာများသို့ ရှောင်ပေးရန် CDM-Siyin က ဇွန်လ ၃၀ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သိုင်းငင် စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၄၀ မှ ၆၀ ဝန်းကျင်ခန့် ရှိပြီး ယင်းစစ်ကောင်စီ တပ်စခန်းတွင် ဖမ်းဆီးခံထားရသည့် ခရီးသွားလူငယ်များ ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ တပ်စခန်း၌သာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု သိရသည်။
သိုင်ငင်းရွာသည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်း-ဟားခါး၊ တီးတိန်-ရိခေါဒါရ် မြို့သို့သွားရာ လမ်းသုံးခွဆုံရာတွင် တည်ရှိသည့် အချက်အချာကျသော ကျေးရွာဖြစ်သည်။
လက်ရှိတွင်လည်း သိုင်ငင်းကျေးရွာမှ ဒေသခံရွာသားများအပြင် ကလေး – သိုင်ငင်းကြား ကျေးရွာများမှ ဒေသခံပြည်သူများ လုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့က ချင်းတောင်ဘက်မှ ကလေးမြို့သို့ ဝင်လာသော ယာဉ်လိုင်းများကို ဝင်ခွင့်ပြုထားသော်လည်း အထွက်ကို လုံးဝ ခွင့်မပြုကြောင်း မော်တော်ယာဉ်လိုင်းဂိတ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဒီနေ့လဲ ခရီးသွားမယ့်သူတွေ ပြန်လှည့်ကြရတယ်၊ အခုက ကလေးမြို့ RTC ရဲစခန်းကနေ လေးဘီးယာဉ် ထွက်ခွါခွင့်မပေးကြလို့ အဲဒီလက်မှတ် မပါရင် ခရီးထွက်လို့ မရတော့လေ၊ အဝင်ကတော့ ရတယ်။ အထွက်က မရတာ” ဟု ကလေးမြို့ ကားဂိတ်နှင့် နီးစပ်သူက ပြောသည်။
ကလေးမြို့တွင် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစပြီး ချင်းတောင်သို့ထွက်ခွါမည့် မော်တော်ယာဉ်လိုင်းများသည် ကလေးမြို့ RTC ရုံးရှေ့ ခရိုင်ရဲတပ်ဖွဲ့စခန်းတွင် လေးဘီးယာဉ်များ ထွက်ခွါခွင့်လက်မှတ်ကို တောင်းခံပြီးမှသာ ကလေးမြို့မှ ထွက်ခွါခွင့်ပြုကြောင်း သိရသည်။
KMG ပေးပို့သည်။