စစ်ကိုင်း ညောင်ပင်ဇင်ကျေးရွာအုပ်စုကို စစ်အုပ်စု ဖောကား ၃ စီးဖြင့် ဝင်ရောက်ကာ ဒေသခံများ၏ ပစ္စည်းများ သယ်ယူ

By MPM 10 ဇူလိုင်, 2026 👁 60

စစ်ကိုင်းတိုင်း၊ ညောင်ပင်ဇင်ကျေးရွာအုပ်စုသို့ စစ်အုပ်စုက ဖောကားသုံးစီးဖြင့် ဝင်ရောက်ကာ ဒေသခံများ၏ ပစ္စည်းများကို သယ်ယူနေကြောင်း သိရသည်။

စစ်ဘေးရှောင်နေ၍ နေထိုင်သူမရှိသည့် ကျေးရွာများသို့ ဝင်ရောက်ကာ ယနေ့ (ဇူလိုင်လ ၁၀ ရက်) မနက်ပိုင်းတွင် ထိုသို့ သယ်ယူနေခြင်းဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“ဒီနေ့လည်း ထပ်ပြီးတော့ အဲ့ဒီရွာတွေကို ဝင်ပြီး ပစ္စည်းတွေလာခိုးသေးတယ်။ ဖောကားသုံးစီးနဲ့ ပစ္စည်းတွေလာတင်နေတာ” ဟု ၎င်းက ဆိုသည်။

ညောင်ပင်ဇင်နှင့် မြင်းမွေးကျေးရွာမှ ဒေသခံ ခန့်မှန်းဦးရေ ၁,၀၀၀ ကျော်သည် စစ်အုပ်စု စစ်ကြောင်းထိုးမှုကြောင့် ဇွန်လ ၁၉ ရက်မှစ၍ ယနေ့ (ဇူလိုင်လ ၁၀ ရက်) အထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“စစ်အုပ်စုက တောက်လျှောက်အထိုင်ချတာမျိုး မဟုတ်ဘဲ ဝင်လာလိုက် ထွက်သွားလိုက်နဲ့ ပြည်သူတွေကို ဖမ်းဆီးလိုက် လုပ်နေတာဗျ” ဟုလည်း လင်းယုန်ညီနောင်ပြောက်ကျားတပ် တာဝန်ရှိသူက ဆိုသည်။

စစ်အုပ်စု အင်အား ၂၀၀ ခန့်သည် ဇူလိုင်လ ၅ ရက် ညနေပိုင်းကလည်း ညောင်ပင်ဇင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း ဒေသခံထံက သိရသည်။

ထို့ပြင် ဇွန်လ ၁၅ ရက်က ကံတလူးတိုးဂိတ်နှင့် ကုန်းရွာကျေးရွာကြားတွင် စစ်အုပ်စုတပ်သားများအား လာရောက်ခေါ်ဆောင်သည့် အိမ်စီးကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အိမ်စီးကားအမဲမှာ လုံးဝပျက်စီးသွားပြီး အခြားကားအဖြူမှာလည်း ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးဒဏ်ရာရမှုများရှိကြောင်း ယမန်နေ့ (ဇူလိုင်လ ၉ ရက်) တွင် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အင်တာနက်လိုင်း အခက်အခဲများရှိ၍ စစ်ဆင်ရေးထုတ်ပြန်ချက်များမှာ နောက်ကျနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

မဇ္ဈိမ