စစ်ကိုင်းတိုင်းအတွင်း PDF တပ်စခန်းတွေ မကြာခဏ စီးနင်းခံရမှု ရှိလာနေ

By MPM 4 ဇူလိုင်, 2023 👁

စစ်ကိုင်းတိုင်းအတွင်း ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်ဆိုသလို နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်ခံရမှု အများဆုံးရှိနေသလို ပြီးခဲ့တဲ့ ဇွန်လအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်စခန်း စီးနင်းခံရမှု ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့တဲ့လ ဇွန်လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကင်းတော်ရွာက ကာကွယ်ရေးတပ်စခန်းတစ်ခု စီးနင်းခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့ကြောင်းနှင့် ဇွန်လ ၂၈ ရက်နေ့မှာလည်း စစ်ကိုင်းနဲ့ ဝက်လက်အစပ်မှာရှိတဲ့ တလိုင်းကျေးရွာနားက ကာကွယ်ရေးတပ်စခန်းတစ်နေရာ ခြုံခိုတိုက်ခိုက်ခံရလို့ တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့သည်။

ယင်းကဲ့သို့ တပ်စခန်းတွေ စီးနင်းခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် ခပ်စိပ်စိပ် တိုက်ခိုက်ခံလာရတာနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် စစ်ကိုင်းခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါသည်။

“တလိုင်းကျေးရွာ ဖြစ်စဉ်က အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် စစ်ကိုင်းတိုင်း မြို့နယ် ဧရာဝတီမြစရိုးတလျှောက်က ကာကွယ်ရးတပ်စခန်းတွေ စီးနင်းခံရမှုဟာ စစ်ကောင်စီတပ်ဘက်က သတင်းအချက်လက်တွေကို သေချာပေါက် ရနေတာ ဖြစ်နိုင်တယ်” ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့တဲ့မေလ လကုန်ပိုင်းက စပြီး ကာကွယ်ရေးတပ်စခန်းတွေရဲ့ တည်နေရာတိတိကျ ရရှိပြီးမှသာ လုပ်ဆောင်လာတာ ဖြစ်သလို စစ်အင်အားကိုလည်း အရင်ကလို များများစားစား မသုံးဘဲ ပြောက်ကျားစနစ်နဲ့ ဝင်ရောက် တိုက်ခိုက်တာတွေ ရှိလာတဲ့အပြင် ကာကွယ်ရေးတပ်ဘက်တွင် သစ္စာဖောက် သူတွေရှိလို့ ခုလို ဝင်စီးခံရတာလို့ ဖြစ်နိုင်တယ်လို့ စစ်ကိုင်းတိုင်း အခြေစိုက်ထားတဲ့ ပြင်ဦးလွင်ခရိုင် နဂါးနီ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“မန္တလေးမြို့နဲ့ အရမ်းနီးကပ်တာကြောင့်ရော ကာကွယ်ရေးတပ်တွေ အင်အားကောင်းတာရောပေါ့။ ပြီးတော့ စမွန်းရွာ စီးနင်းခံရမှုမှာဆို လျှော့တိုက်ဒုံးကျည် လက်နက်ကြီးတွေ ရှိတာကို သူတို့သတင်းရတာတွေလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကာကွယ်ရေးတပ်ဘက်က ကင်းပေါ့ဆမှုပေါ့၊ ဒီစစ်ကြောင်းတွေက အတွင်းလူတွေနဲ့ စနစ်တကျနဲ့ကို လာတာလို့ သုံးသပ်မိတယ်။ ကင်းတွေရှိတဲ့ နေရာကို သူတို့က အပျောက်ကင်းကုန်းဝပ်ပြီး လာနိုင်တယ်။ မိုင်းကွင်းတွေရောပေါ့ တော်လှန်ရေးဘက်ကနေ သစ္စာဖောက် ရှိတာလို့လည်း သုံးသပ်မိတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

စစ်ကောင်စီတပ်က သတင်းရရှိတာတွေ အပြင် ဗျူဟာပြောင်းလဲပြီး စစ်ရေးလှုပ်ရှားလာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးကို အဓိက ဦးစားပေးပြီး လုံခြုံရေးကို အားပြုစေချင်တယ်လို့ zero ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ မြေပြင်မှာ အဓိက အားနည်းတာ ကင်းပေါ့ဆမှုပေါ့နော်၊ ကင်းတွေ ပေါ့ကြတယ်။ ကျနော်တို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေဟာ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ အားနည်းချက်ကြောင့် ဖြစ်တာပါ။ ပြီးတော့ သတင်းနောက်ကျတာပေါ့” ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သက်ကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်းမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ အထိ ဒီမိုကရေစီ လှုပ်ရှားသူနှင့် နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့သူ ၃၇၄၄ ဦး အထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ဖော်ပြထားသည်။

KNG ပေးပို့သည်။