ငပုတောမြို့နယ်အတွင်း လက်နက်များ သိမ်းဆည်းရမိပြီးနောက် PDF များကို တောနင်းရှာဖွေနေဟုဆို

By MPM 24 ဇန်နဝါရီ, 2023 👁 3

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းရှိ သစ်တောများထဲ နယ်မြေစိုးမိုးရေး လုပ်ဆောင်နေစဉ် သစ်တောတွင်းရှိ တောတွင်းစခန်းတစ်ခုမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို စစ်ကောင်စီတပ်စု တစ်စုက တောနင်းရှာဖွေနေကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “မြှားတွေ ယမ်းမှုန့်တွေနဲ့ သေနတ် အတိုတလက်နဲ့ အရှည် နှစ်လက်လည်းပါတယ်။ နယ်မြေစိုးမိုးရေး ကင်းလှည့်ရင်း သိမ်းမိတာ။ ပြီးတော့ PDF တွေ ရှိတယ်ဆိုပြီး တောနင်းရှာနေကြတာ။ အခုထက်ထိတော့ တော်လှန်ရေးသမားတွေကို ဖမ်းမိတယ်လို့ မကြားမိဘူး” ဟု ပြောသည်။

ဇန္နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက ငရုတ်ကောင်း ကမ်းခြေမြို့အတွင်း၌ သံပတ်ကွင်းကျေးရွာ၏ အရှေ့မြောက် ၂၅ မိုင်အကွာရှိ တောအတွင်းတနေရာမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခြင်း ဖြစ်သည်။

ဇန္နဝါရီလ ၂၀ ရက်နေ့အထိ ရှာဖွေနေစဲဖြစ်သည်။

ငရုတ်ကောင်းမြို့ကို ပုသိမ်မြို့ဘက်မှ စစ်ကား ၄ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ငွေဆောင်မြို့ဘက်က ထော်လာဂျီဖြင့် အင်အား ၃၀ နီးပါးရှိသည့် စစ်ကောင်စီ တပ်စုတစ်စုတို့ ရောက်လာပြီးနောက် သံပတ်ကွင်း၊ ညောင်ဝိုင်း၊ ချောင်းဖျား၊ ဆေးခါးကြီးချောင်းစသည့် ကျေးရွာများတွင် တပ်ဖြန့်နေရာယူထားကာ ငရုတ်ကောင်း သစ်တောအတွင်း စစ်ကြောင်းထိုး တောနင်းရှာနေခြင်းဖြစ်သည်။

လူ ၉ ဦးခန့် စခန်းချနေနိုင်သည့် တဲ ၅ လုံး၊ M 22 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၂၂ တောင့်၊ ၁၂ ဗို့ လက်လုပ်သေနတ် ၁ လက်နှင့် ကျည် ၁၀ တောင့်၊ တူမီး ၁ လက်၊ ဒူးလေး ၂ လက်၊ ခဲသီး ၁၀၉ လုံး၊ မြားတံ ၄၆ ချောင်း၊ ကန့်မှုန့် ၅၀ ကျပ်သား၊ ယမ်းမှုန့် ၂၀ သား၊ ယမ်းကြိုး ၂၀ ပေ ၁ ချောင်း၊ ဆိုလာ ၂ ချပ်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ယင်းစခန်းမှာ မုဆိုးများ စခန်းချသွားသော စခန်းဟောင်းတစ်ခုဖြစ်နိုင်ကာ မုဆိုးများက ယင်းစခန်းများနှင့် မနီးမဝေးတွင် အမဲလိုက်လက်နက်များကို ဝှက်ထားလေ့ရှိပြီး စစ်တပ်က ကင်းလှည့်လာသည်ကို ရုတ်တရက် သိရှိကာ လက်နက်ပစ္စည်းများကို ထားခဲ့ကာ ရှောင်တိမ်းသွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောသည်။

ငရုတ်ကောင်းမြို့ခံတစ်ဦးက “လက်ရှိအခြေမှာတော့ စစ်တပ်က အင်းအားဖြည့် စခန်းချပြီး ရှာနေတာဆိုတော့ မသက်ဆိုင်တဲ့သူတွေကို ဖမ်းဆီး နှိပ်စက်မှာကို ဒေသခံတွေက စိုးရိမ်နေတယ်။ စစ်တပ်က ရပ်ထဲရွာထဲ ရောက်ပြီဆိုရင် စွပ်ဖမ်းတယ် နှိပ်စက်တာဆိုတော့ အားလုံးက လန့်နေတာပေါ့” ဟု ပြောသည်။

ဇန္နဝါရီလ ၁၅ ရက်နေ့ ညကလည်း ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်းရှိ ကားကြီးရပ်နားကွင်းတွင် ဖေါက်ခွဲရေး လက်နက်များနှင့်အတူ လူငယ် ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

ဇန္နဝါရီ ၉ ရက်နေ့တွင်လည်း PDF များကို ဆက်သွယ်ထောက်ပံ့သည် စွပ်စွဲပြီး ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ တာဘောင်၊ ကံကြီးနှင့်ဆိပ်ကြီးကျေးရွာတို့က ဒေသခံ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။