မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လယ်မကျေးရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူအားလုံး သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့် မေ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လယ်မကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူ ၁၁ ဦးကို သတ်ဖြတ်ကာ ဒေသခံ ၂၀ ကျော်ကို ဂန့်ဂေါမြို့ရှိ စစ်ကောင်စီတပ် ခ.လ.ရ ၅၀ ဆီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားသူများနှင့်ပတ်သက်ပြီး ယောအလင်းတန်းမှ ကိုဘကောင်းက “ဒီနေ့မနက်မှာပဲ တပ်နဲ့ ရင်းနှီးတဲ့သူတွေဆီကနေ အသိပေးလာတာပေါ့။ ဖမ်းဆီးခံရသူအားလုံးကို သတ်ပစ်လိုက်ပြီဆိုပြီးတော့ သိရပါတယ်” ဟု ပြောသည်။
သတ်ဖြတ်ခံရသူ ၁၁ ဦးထဲတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးနှင့် အသက် ၁၆ နှစ်အရွယ် ယောကျာ်းလေး ၁ ဦးတို့ပါဝင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီက လယ်မကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ပကဖ ရဲဘော် ၇ ဦး ကလေးငယ် ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးခံရသူအားလုံးထဲမှ ၁၀ ဦးခန့်ကိုသာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်ခဲ့သူများကို ဂန့်ဂေါမြို့ စစ်ကောင်စီတပ် ခ.လ.ရ ၅၀ ဆီ ခေါ်ဆောင်သွားပြီးနောက် မေ ၂၁ ရက်တွင် အားလုံး သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။