ဂန့်ဂေါမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွဲဖိုင်တွေကို စစ်ကောင်စီ သိမ်းဆည်း

By MPM 6 ဖေ‌ဖော်ဝါရီ, 2023 👁

မကွေးတိုင်းဂန့်ဂေါမြို့နယ်မှာ စစ်ကာင်စီတပ်က ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွဲဖိုင်တွေကို ရဲစခန်းကနေ ယူဆောင်သွားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွဲဖိုင်တွေကို ဂန့်ဂေါ ခ.လ.ရ (၅၀) တပ်က ပြန်လည်စစ်ဆေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယူဆောင်သွားတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခံထားရသူအကုန်လုံးရဲ့ အမှုတွဲဖိုင်တွေကို ယူသွားတာမဟုတ်ဘဲ သူတို့အလိုရှိတဲ့သူတွေကို ရွေးယူသွားတာဖြစ်တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦး ကသံလွင် တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်သားတွေ အမြင်မကြည်တဲ့ နိုင်ငံရေးသမားတွေနဲ့ တော်လှန်ရေးသမားတွေကို ရိုက်နှက်နှိပ်စက်မှာ စိုးရိမ်နေရတယ်လို့ သူက ပြောပါသေးတယ်။

မကွေးတိုင်းရဲ့ မြို့နယ် (၅) မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာထားပြီး အဲဒီထဲမှာ ဂန့်ဂေါမြို့နယ်လည်း အပါအဝင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့အထိ မကွေးတိုင်းမှာ ဖမ်းဆီးခံထားရသူ (၁၀၀၀) ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။