ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း အုပ်ချုပ်ရေးဖော်ဆောင်နေမှု ရပ်တန့်ရန် ULA/AA ကို ချင်းလဲန်းကောင်စီ တောင်းဆို

By MPM 12 ဇွန်, 2024 👁

ချင်းပြည်နယ်အတွင်း အာရက္ခတပ်တော် (ULA/AA) က စစ်ရေးလှုပ်ရှားမှုနှင့် အတင်းအကြပ် အုပ်ချုပ်ရေး ဖော်ဆောင်နေမှုများကို ရပ်တန့်ပေးပါရန် ချင်းလဲန်းကောင်စီက တောင်းဆိုလိုက်သည်။

ULA/ AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေးဖော်ဆောင်မှုများကို ရှောင်ရှားပေးရန်နှင့် ချင်းအမျိုးသားပိုင်နက် နယ်မြေအတွင်း ပြည်သူလူထု၏ သဘောထားဆန္ဒမပါဘဲ အတင်းအကြပ် အုပ်ချုပ်ရေး ဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ လုပ်ဆောင်နေမှုသည် တိုင်းရင်းသားအချင်းချင်းကြား မလိုလားအပ်သော လူမျိုးရေးနှင့် စစ်ရေးပဋိပက္ခများကို ဖြစ်ပေါ်လာနိုင်သောကြောင့် ရပ်တန့်ပေးပါရန် အလေးအ နက် တိုက်တွန်းကြောင်း ချင်းလဲန်းကောင်စီက ဇွန်လ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

ချင်းလဲန်းကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က Òကျနော်တို့က တိုင်းရင်းသားညီအစ်ကိုခြင်း ဖြစ်တယ်။ ဘုံရန်သူကို တိုက်နေတာဖြစ် တယ်။ တမျိုးသားလုံး လွတ်မြောက်ဖို့ လုပ်နေတဲ့အချိန်မှာ အသေးမွှားလေးတွေက အစ ၊ ဂရုတစိုက်နဲ့ အပြန်အလှန် လေးစားဆောင်ရွက်ရမှာဖြစ်လို့ အိမ်နီးချင်းဖြစ်တဲ့ ULA/ AA အနေနဲ့ ဒီလို လုပ်ရပ်တွေကို ရှောင်ရှားပေးဖို့ မေတ္တာရပ်ခံပြီး တိုက်တွန်းနှိုးဆော်တာ ဖြစ်တယ်” ဟု ဆိုသည်။

ဆက်လက်ပြီး ဆလိုင်းပေါလ်က “ဒါက ကျနော်တို့က ULA/AA ကို စစ်ရေးအရ ၊ နိုင်ငံရေးအရ သွားပြီး စိန်ခေါ်တဲ့ အပိုင်းတွေ ဆောင်ရွက်နေတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေးနိုင်ရေးကို ချဉ်းကပ်တာ ဖြစ်ပါတယ်။ ပလက်ဝတစ်ခုလုံးကို စစ်ကောင်စီ ကင်းစင်ရေးပြုလုပ်ပေးတဲ့ ULA/AA ကို ကျေးဇူးတင် သလို သူတို့အနေနဲ့ ချင်းပြည်တစိတ်တပိုင်းကို ကိုင်တွယ်တာမှာ ဒီလိုကိုင်တွယ်တာက မဖြစ်သင့်ဘူး။ ဒီလိုပြည်သူ တွေကို မကိုင်တွယ်သင့်ဘူး။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတာ နှိုးဆော်စာပို့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ULA/AA က ချင်းပြည်အတွင်း ချင်းညီနောင်နှင့်ပူးတွဲ၍ စစ်ရေးဖော်ဆောင်မှုနှင့် ပလက်ဝမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ချင်းလဲန်းကောင်စီက ပထမဆုံးအကြိမ် တရားဝင်သဘောထားပြန်လာခြင်းလည်း ဖြစ်သည်။

ULA/AA သည် ချင်းပြည်အတွင်း အရပ်သားချင်းပြည်သူများကို အတင်းအဓမ္မ တပ်သားစုဆောင်း၍ စစ်သင်တန်း များ သင်ယူစေခြင်း၊ အတင်းအကြပ် အုပ်ချုပ်ရေးယန္တယားများ ဖော်ဆောင်နေကြောင်း ချင်းလဲန်းကောင်စီက ပြောသည်။

တိုင်းရင်းသားလူမျိုးနွယ်စုအချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို လျစ်လျူရှု၍ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်ပြီး အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက် နေသောကြောင့် စိတ်မကောင်း ဖြစ်ရကြောင်း ချင်းလဲန်းကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလို ပြည်သူတွေ အကျပ်အတည်းကို ရောက်ရှိနေတာဖြစ်လို့ ချင်းပြည်သူလူထုအပေါ်မှာ ရပ်တည်ပေးတာ ဖြစ်တယ်။ အိမ်နီးချင်း ULA/AA ကိုလည်း ရှေ့ဆက်ပြီးတော့မှ တွေ့ဆုံဆွေးနွေးဖို့ စားပွဲဝိုင်းထိုင်ဖို့ အဓိက လိုအပ် တယ်။ ဒါမှ ရေတိုမှာ ဘာလုပ်နိုင်မလဲ၊ ရေရှည်မှာ ရှေ့ဆက် ဘယ်လို လက်တွဲဆောင်ရွက်မလဲ။ ဒါတွေက အစ စကားပြောဖို့ လိုတယ်။ ULA နဲ့ ကျနော်တို့ကြားထဲမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အဓိက အရေးကြီးပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။

စစ်ကောင်စီကို ဘုံရန်သူအဖြစ် စုပေါင်းတော်လှန်ရေးကာလတွင် တိုင်းရင်းသားမျိုးနွယ်စုများအကြား ချစ်ကြည် ရင်းနှီမှု၊ အပြန်အလှန် ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေသည့်အပြင် တမျိုးသားလုံး လွတ်မြောက်ရေး၏ တော်လှန်ရေးလမ်းစဉ်ကို နှောင့်နှေးစေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ဘုံရန်သူ စစ်ကောင်စီကို အမြစ်ပြတ်ချုပ်ငြိမ်းရေး ဖော်ဆောင်ရာတွင် ဘဝတူ တိုင်ရင်းသားတော်လှန်ရေးညီနောင်များ၊ အစိုးရများ၊ မဟာမိတ်များ၊ အခြားတော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ အကောင်အထည်ဖော်နေကြောင်း ချင်းလဲန်းကောင်စီက ထုတ်ပြန်သည်။

ဇွန်လ ၈ ရက်နေ့က ULA/AA ၏ သတင်းစာရှင်းလင်းပွဲတွင် ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူများကို အတင်းအဓမ္မ စစ်သားစုဆောင်မှု မပြုလုပ်ကြောင်း အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

လက်ရှိတွင် ပလက်ဝမြို့နယ်သည် လုံခြုံစိတ်ချရသည့် အနေအထားမဟုတ်သောကြောင့် လုံခြုံရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေကြောင်း ဦးခိုင်သုခက ပြောသည်။

ချင်းပြည်နယ်အတွင်း ချင်းညီနောင်အဖွဲ့၏ ဖိတ်ခေါ်မှုနှင့်အတူ ULA/AA သည် စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်အာဏာရှင်ပြုတ်ကျရေးကို အာရက္ခတပ်တော်နှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းနှင့် ရခိုင် ချစ်ကြည်ရေးကို ယခုထက် ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ULA/AA နှင့် ရခိုင်ပြည်သူများအတွက် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်ကလည်း ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

KMG ပေးပို့သည်။