ချင်းပြည်နယ်တွင်း သတင်းများ အဓိကတင်ဆက်နေသည့် သတင်းဌာန နှစ်ခု အပါအဝင် သတင်းဌာန သုံးခုတို့၏ ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းလိုက်ကြောင်း အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။
ဂျေမှိန်းထန်းစန်းငါ ဦးဆောင်နေသည့် Khonumthung Media Group၊ ဆလိုင်းရန်လင်းမာန် ဦးဆောင်သည့် Chin World နှင့် ဦးမင်းထက်အောင် ဦးဆောင်သည့် မျက်မှောက်ခေတ်သတင်းဌာနတို့ကို ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်ပင်လိုက်ကြောင်း ဧပြီလ ၂၄ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ (၈) ပုဒ်မခွဲ (ခ) ပါ သော စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားလွှင့်တင်ခဲ့၍ ပိတ်ပင်ရကြောင်း အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
“အာဏာသိမ်းစစ်တပ်ကတော့ သူတို့အတွက် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့၊ သူတို့ကို ဆန့်ကျင်တယ်ထင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ သတင်းဌာနတွေကို အခုစွပ်စွဲတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးထောင်ချတာ၊ လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းတာတွေ လုပ်နေကြပါပဲ။ အရင်ကလည်း သတင်းဌာနကြီး အတော်များများ ပိတ်သိမ်းခံရပါတယ်။ အခုလည်း ဒီအတိုင်း လုပ်ဆောင်တဲ့ သဘောပါပဲ” ဟု Khonumthung သတင်းမီဒီယာ အယ်ဒီတာ ဆလိုင်းရောဘတ်က မဇ္ဈိမကို ပြောသည်။
စစ်တပ်က အာဏာသိမ်းမှု မဖြစ်ပွားခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် Khonumthung သတင်းမီဒီယာအတွက် တင်ခဲ့သည့် လိုင်စင်သက်တမ်းမှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးခဲ့ပြီးနောက် သက်တမ်းတိုးရန် အသိပေးစာ ရောက်လာခဲ့ကြောင်း သိရသည်။
သို့သော် လွတ်လပ်သည့် သတင်းမီဒီယာများကို ရန်သူသဖွယ် သဘောထားသည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ လက်အောက်တွင် သက်တမ်းမတိုးတော့သဖြင့် ယခုကဲ့သို့ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆိုသည်။
အမှန်တရားနှင့် ပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်ပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်သောသတင်းများကို လူထုထံ ဆက်လက်တင်ပြနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဆလိုင်းရောဘတ်က ဆက်လက်ပြောဆိုသည်။
သတင်းမီဒီယာများအနေဖြင့် မီဒီယာအမျိုးအစားတခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ခြင်းမပြုရန် ပိတ်ပင်မှုကြေညာချက်တွင် ပါရှိသည်။
စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြည်တွင်းသတင်းဌာနများဖြစ်သော 7Day၊ ရုပ်သံလိုင်းများဖြစ်သည့် Mizzima, DVB၊ အွန်လိုင်းမီဒီယာများဖြစ်သော မြန်မာနောင်း၊ ခေတ်သစ် စသည့် မီဒီယာများ၏ ထုတ်ဝေခွင့်လိုင်စင်များ ရုပ်သိမ်းခံခဲ့ရသည်။
မဇ္ဈိမ