ချင်းပူးပေါင်းတပ်များကို နှောက်ယှက်ပစ်ခတ်ခြင်းမပြုလုပ်ရန် ZRA- EC ကို CNF သတိပေး

By MPM 11 မေ, 2024 👁

ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားသည့် ဇိုမီးတော်လှန်ရေးတပ် ZPCC/ ZRA (EC) အနေဖြင့် စစ်ကောင်စီ လောင်းရိပ်အောက်မှ အချိန်မီရုန်းထွက်ပြီး စစ်အာဏာရှင် ချေမှုန်းရေးတိုက်ပွဲတွင် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦး/CNF က သတိပေးထုတ်ပြန်သည်။

မေလ ၉ ရက်နေ့က “ZPCC/ ZRA (Eastern Command) ၏ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းချက်” အပေါ် ချင်းအမျိုးသားတပ်ဦး/CNF က ထိုသို့သတိပေးထုတ်ပြန် ပြောကြားခြင်းဖြစ်သည်။

CNF ၏ ထုတ်ပြန်ချက်တွင် အချက် ၃ ချက် တောင်းဆိုထားသည်၊၊ ပထမအချက်မှာ ZRA – EC (Zomi Revolutionary Army- Eastern Command) အနေဖြင့် စစ်အာဏာရှင် လောင်းရိပ်အောက်မှ အချန်မီ ရုန်းထွက်ပြီး လူသားအန္တရာယ်ပြု မူးယစ်ဆေးဝါးနှင့် ပတ်သက်မှု၊ ပြည်သူ၏အသက်အိုးအိမ် စည်းစိမ်ဖျက်ဆီးမှု မပြုလုပ်ရန် ဖြစ်သည်။

ဒုတိယအချက်၌ CNA နှင့် ပူးပေါင်းတပ်ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေးတိုက်ပွဲတွင် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှု မပြုလုပ်ရန်နှင့် တတိယအချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသော ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ခြိမ်းခြောက်ပစ်ခတ် တိုက်ခိုက်ခြင်းများ ရှောင်ရှားရန် CNF က တိုက်တွန်းထားသည်။

အကယ်၍ ZRA – EC အနေဖြင့် တစုံတရာ ကျူးလွန်းမှုရှိလာပါက မလွှဲသာမရှောင်သာ တုံ့ပြန်သွားမည်ဟုလည်း ချင်းအမျိုးသားတပ်ဦး/CNFက ထုတ်ပြန်သတိပေးထားသည်။

ZPCC/ ZRA (EC) နှင့် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးတို့သည် ၂၀၂၁ ဒီဇင်ဘာလ ၁၄ ရက် ရိဒ်ခေါဒါရ်မြို့တွင် တွေ့ဆုံခဲ့ပြီး ZRA – EC ကို နယ်ခြားစောင့်တပ် (BGF) အဖြစ် အသိအမှတ်ပြုရေး ဆွေးနွေးခဲ့ကြောင်း CNF က ထုတ်ပြန်ထားသည်။

ZPCC/ ZRA (EC) သည် တီးတိန်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၆၈ နှင့် အကြိမ်ကြိမ် တွေ့ဆုံမှုပြုလုပ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် အချက် (၇) ချက် ပါဝင်သော အပစ်ရပ်သဘောတူညီမှု ရရှိခဲ့ကြောင်း CNF က ဓါတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ထိုအချက် (၇) ချက်မှာ (၁) Zogam Charter ရေးဆွဲနိုင်ရေး စစ်ကောင်စီမှ ဦးဆောင်ပေးရမည်၊ (၂)Zomi State တည်ထောင်နိုင်ရေး စစ်ကောင်စီမှ ကူညီပံ့ပိုးရမည်၊ (၃) ZRA ကို နယ်ခြားစောင့်တပ် (BGF) အဖြစ် အသိအမှတ် ပြုရမည်၊ (၄) ZPCC/ ZRA ကို တီးတိန်နှင့် တွန်းဇံတွင် လွတ်လပ်စွာလှုပ်ရှားခွင့် ပြုရမည်ဟူ၍ ဖြစ်သည်။

ထို့အပြင် (၅) တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ PDF၊ CDF တို့ကို ZPCC/ ZRA က အမြစ်ပြတ်ရှင်းလင်းပြီး ကလေး၊ ကဘော်၊ တမူးရှိ အဖွဲ့အစည်းများကိုလည်း တိုက်ထုတ်ရမည်။ (၆) ZPCC/ ZRA က CDM ပြုလုပ်သူများကို ဖမ်းဆီးရမည်၊ (၇) ZPCC/ ZRA က CNF၊ CDF၊ PDA တို့ကို ပြည်သူများ အထင်မှားအောင် ဇာတ်လမ်း အမျိုးမျိုးဆင် နာမည်ဖျက်ပြီး ရန်သူကဲ့သို့ သဘောထား တိုက်ခိုက်ရမည်ဟူ၍ ဖြစ်သည်ဟု CNF ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ CNF ၏ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ZPCC/ ZRA တပ်ဖွဲ့အား အတည်ပြုမေးမြန်းနိုင်ရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

သို့သော် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ZRA (EC) ၏ ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JK နှင့် အင်တာဗျူး မေးမြန်းရာတွင် နယ်ခြားစောင့်တပ်အဖြစ် လက်မခံထားကြောင်း၊ အပစ်ရပ်စာချုပ်အဖြစ် မထိုးထားကြောင်းနှင့် အွန်လိုင်းတွင် ပျံနှံ့နေသောသတင်းမှာလည်း တစုံတဦးက Fake အကောင့်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဖြေကြား ပြောဆိုထားသည်။

Sr. JK က “စစ်ကောင်စီနဲ့လည်း အခုချိန်ထိ တခါမှ လူချင်းတွေ့ပြီးတော့ စကားပြောဆိုထားခြင်း မရှိသလို၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် စကားပြောဆိုထားခြင်း မရှိသေးပါဘူး။ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်း တာလည်း မရှိသေးသလို နောက်နှောင်လည်း ပူးပေါင်းမှာ မဟုတ်သလို အခုပြောတဲ့ အဲ့ဒီထုတ်ပြန်ထားတဲ့ ပြည်သူ့စစ် ဘာညာဆိုတာတွေကလည်း ကျွန်တော်တို့ မကြိုက်ပါဘူး။ ကျွန်တော်တို့ စစ်ကောင်စီနဲ့တော့ နိုင်ငံရေး ပဲဖြစ်ဖြစ် အပစ်ခတ်စာချုပ်နဲ့ပဲဖြစ်ဖြစ် တစ်ခုမှလည်း ထိုးထားခြင်း မရှိသေးပါဘူး” ဟု ထိုအင်တာဗျူးတွင် ဖြေကြားခဲ့သည်။

၂၀၂၃ ဒီဇင်ဘာလက စစ်ကောင်စီကျင်းပသော ÒSweet December” ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ZRA – EC က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူပေးခဲ့သည့် ဓါတ်ပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ပူးဂင်ခန့်လျန်ကို စစ်ကောင်စီက ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်မှုကိုလည်း ZRA က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ သည်ဟု ဆိုသည်။

ZRA – EC သည် အဖွဲ့ရပ်တည်နိုင်ရေးအတွက် တွန်းဇံမြို့နယ် Phaisat, Suang hoih, Selmei, Malpi ရွာတို့၏ သစ်တောကြိုးဝိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို အခွန်ဆောင်ပြီး ဧကပေါင်းများစွာသော ဘိန်းခင်း ပိုင်ဆိုင်ထားသည့် အပြင် ဒေသခံပြည်သူများကိုလည်း ဘိန်းစိုက်ပျိုးခွင့်ပြု၍ အခွန်ကောက်ကြသည်ဟု CNF က ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ပတ်သက်၍ ZRA – EC ထံကို မေးမြန်ရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရရှိသေးပါ။ ထိုကြောင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တော်လှန်ရေးကာလ ၃ နှစ်တာတွင် ZRA – EC က စစ်ကောင်စီနှင့်ပူးပေါင်း၍ CNA အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့များကို (၆) ကြိမ်တိုင်တိုင် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း CNF က ထုတ်ပြန်သည်။

ထို့အပြင် ချင်းတော်လှန်ရေးအင်အားစုများ၏ စစ်ကောင်စီ ချေမှုန်းရေး စစ်ကြောင်းတိုင်းတွင် စကစနှင့် ပူးပေါင်း၍ တိုက်ခိုက်ပစ်ခတ် နှောင့်ယှက်မှုများကို လက်ရှိအချိန်အထိ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

ZRA (EC) ၏ ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JK က CDF – တွန်းဇံ၏ စခန်းများကို စစ်ကောင်စီတပ်နှင့် ပူးပေါင်း တိုက်ခိုက်ခြင်း မဟုတ်ဘဲ ၎င်းတို့အဖွဲ့အစည်းတစ်ခုတည်းကသာ သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့် အင်တာဗျူးတွင် ဖြေကြားထားခဲ့ဖူးသည်။

၁၉၉၃ တွင် စတင်ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားခဲ့သော ZRO/ ZRA သည် ၂၀၀၅ ခုနှစ်တွင် အိန္ဒိယအစိုးရနှင့် သဘောတူညီချက်အရ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်၍ မဏိပူရ်ပြည်နယ်တွင် အခြေစိုက်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ZPCC/ ZRA ၏ မြန်မာပြည်ခွဲ အဖွဲ့အစည်းအဖြစ် ZPCC/ ZRA (EC) အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး တွန်းဇံမြို့၊ ကျီခါးမြို့ နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားကြောင်း သိရသည်။

ZRA – EC ၏ နိုင်ငံရေးရည်မှန်းချက်သည် ချင်းပြည်နယ်မြောက်ပိုင်းမှ တီးတိန်၊ တွန်းဇံနှင့် စစ်ကိုင်းတိုင်း ကလေး- ကဘော် ဒေသတို့ကို စုစည်းပြီး မြန်မာနိုင်ငံတွင် သီးသန့်ဇိုမီးပြည်နယ် ရရှိရေး ဖြစ်သည်ဟု သိရသည်။

အိန္ဒိယအခြေစိုက် ZRO/ ZRA နှင့် ချင်းပြည်အတွင်းက ZRA – EC တို့၏ အန္တိမ နိုင်ငံရေးရည်မှန်းချက်မှာ မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလာရှေဒ့် (၃) နိုင်ငံမှ ဇိုမီးမျိူးနွယ်စုများကို စုစည်းပြီး ဇိုမီးနိုင်ငံ ထူထောင်ရေးဖြစ်ကြောင်း ZRA (EC) ၏ ယာယီပြောရေး ဆိုခွင့်ရှိသူ Sr. JK က ယခင်အင်တာဗျူးတွင် ဖြေကြားထားပါသည်။

CNA ဦးဆောင်သော ချင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် ZRA – EC တပ်ဖွဲ့တို့သည် တီးတိန်မြို့နယ်အတွင်း မေလဆန်းမှစ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းပူးပေါင်းတပ်ဖွဲ့က ZRA ၏ ကင်းစခန်း (၁) ခုနှင့် အခြေချစခန်း (၁) ခုတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

KMG ပေးပို့သည်။