ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီးများအတွက် လစဥ်သုံးပစ္စည်းနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့အစည်း (Women for Justice – WJ) က ထုတ်ပြန်သည်။
WJ က မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိုအပ်နေသည့် ဆေးဝါးများမှာ ကိုယ်ဝန်ဆောင်အားဆေး၊ ကိုယ်ဝန်တားဆေး၊ မီးယပ်သွေးဆေးနှင့် အကိုက်အခဲပျောက်ဆေးများ ဖြစ်သည်ဟု သိရသည်။
ထို့အပြင် စခန်းများအတွင်း ကျား၊ မ မခွဲခြားဘဲ စုပေါင်းနေထိုင်ရပြီး အိပ်ယာ၊ အိမ်သာနှင့် ရေချိုးခန်းများ လုံလောက်မှုမရှိ၍ အမျိုးသမီးများမှာ မလုံခြုံမှုနှင့်အတူ အချို့သော အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ၊ ညစ်ညမ်းစွာ ပြောဆိုခံရမှုများကိုပါ ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်းထံ ဆက်သွယ်ထားသော်လည်း ဆက်သွယ်၍ မရသေးပါ။
ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ၎င်းတို့အဖွဲ့ကဆိုသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ဖေဖော်ရီလအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁၀ ဦး နှင့် ကျား၊ မ ခွဲခြားမရသူ ၁၄ ဦး စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးနှင့် ကျား၊မ ခွဲခြားမရသူ ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကော်မရှင်၏ လက်နက်ကြောင့် အမျိုးသား နှစ်ဦး နှင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တဦး နှင့် ကျား၊ မ ခွဲခြားမရသူ သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းအပြင် မြေမြှုပ်မိုင်းကြောင့်လည်း အမျိုးသားတဦး သေဆုံးခဲ့ကြောင်း Women for Justice ၏ အချက်အလက်များအရ သိရသည်။
WJ အနေဖြင့် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းနှင့် ချင်းဒေသရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု ခုနစ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းတို့အနက် အိမ်တွင်းအကြမ်းဖက်မှု နှစ်မှု၊ ကာမလိမ်လည်မှု တမှု၊ တလင်တမယားစနစ် ချိုးဖောက်မှု နှစ်မှုနှင့် မုဒိမ်းမှု တမှုတို့ ပါဝင်သည်။
ထိုသို့ ကျူးလွန်ခံရသူများအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများနှင့် လိုအပ်သော ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းတို့ကဆိုသည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု အားနည်းချက်ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအတွက် တရားရုံးသို့ သွားရောက်ဖြေရှင်းရန် လုံခြုံရေးအရ စိုးရိမ်နေကြရသည်။
အဆိုပါဒေသများတွင် စစ်ကော်မရှင်၏ စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ်မီးရှို့မှုများကြောင့် နေရပ်စွန့်ခွာရသူ ပိုမိုများပြားလာရာ စစ်ဘေးရှောင်စခန်းများတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေကြောင်း သိရသည်။
မဇ္ဈိမ