ခန္တီးမြို့နယ်က အရှေ့နာဂ (ENNO/ENDA)) အဖွဲ့  ဖမ်းဆီးသွားတဲ့ လူငယ်တွေ ပြန်လွတ်ဖို့  SNA တောင်းဆို 

By MPM 3 ဩဂုတ်, 2026 👁 95

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်မှာ နာဂလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ အရှေ့နာဂ (ENNO) အဖွဲ့က ဖမ်းဆီးသွားတဲ့သူတွေထဲမှ ရှမ်းနီတိုင်းရင်းသား (၂၂) ဦးကို ပြန်လွတ်ပေးဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က တောင်းဆိုလိုက်ပါတယ်။

ဇူလိုင်လ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ၄ ရက်အတွင်း ခန္တီးမြို့နယ်ထဲက ဒေသခံ တိုင်းရင်းသား ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး ဒေသတွင်းနေထိုင်သူတွေကို  တပ်သားသစ်စုဆောင်းခြင်းဖြစ်တယ်လို့ ENNO က တရားဝင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ခန္တီးမြို့နယ်ထဲက မှန်ပင်၊ ရွှေမြင့်မိုရ်၊ ကင်းတော်၊ စာဖျောက်၊ ဆာဆော၊ တိန်အင်နဲ့ လောင်စောက်ကျေးရွာက ဒေသခံများအပါအဝင် ရွှေမျှောလုပ်သားများကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုစုဆောင်းရာမှာလည်း ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေကို မပါဝင်စေဘဲ အထိအခိုက်မရှိ အမြန်ဆုံးပြန်လွတ်ပေးစေလိုကြောင်းကို SNA က ဇူလိုင် (၂) ရက်နေ့မှာ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ဆက်ကြေးအခွန်များကောက်ခြင်းနဲ့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်မှုတွေကို ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ ထိရောက်စွာတူညီတဲ့ လက်တုံ့ပြန်မှုတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အခုလို အတင်းအကျပ်ခေါ်ဆောင်ခြင်းနဲ့ လူထုအတွင်း စိုးရိမ်ကြောက်ရွံ့မှု ဖြစ်ပေါ်စေတဲ့လုပ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့  အဖွဲ့အစည်းအတွင်း လိုအပ်တဲ့ ထိန်းသိမ်းမှုပြုလုပ်ပေးဖို့ကိုလည်း နာဂရိုးရာစာပေနဲ့ ယဉ်ကျေးမှု (ဗဟို) ကလည်း စာထုတ်တောင်းဆိုထားတယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းပြီး သုံးရက်ခန့်ကြာမြင့်ပါက အကြောင်းပြန်မှာဖြစ်ကြောင်း မိသားစုဝင်တွေကို ပြောဆိုခဲ့ပေမယ့် ၄ ရက်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ ဒေသခံတွေအကြားပြောဆိုမှုတွေ ရှိနေတာပါ။

အဆိုပါအဖွဲ့ဟာ ဖမ်းဆီးမှုမပြုလုပ်ခင် ရှေ့ ရက်ပိုင်းကလည်း ရွှေမျှောလုပ်ကိုင်သူတွေဆီကနေ မျှောတစ်ခုကို ကျပ်သိန်း (၁၀၀)  မှ ကျပ်သိန်း (၂၀၀) ကျော်အထိ တောင်းခံခဲ့သလို မှန်ပင်ရွာထဲက အင်တာနက်ဝိုင်ဖိုင်စက်တွေကိုလည်း ဆက်ကြေးကောက်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းနီအသံ