စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် Dagon အမှတ်တံဆိပ်ပါ အရက် ဘီယာဗူးနှင့် ဘီယာပုလင်းများကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ကားဖြင့်ကြိတ်ကာ ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်သည်။
“ မေလ ၂၀ ရက်နေ့မှာ ဖျက်ဆီးခဲ့တာပါ။ ဒေသတွင်းမှာ ဖမ်းမိတဲ့ ဦးပိုင် ကထုတ်တဲ့ ဒဂုံ ဘီယာပုလင်တွေ ဗူးတွေကိုပေါ့။ စကစ ဒေါက်တိုင် ကုန်ပစ္စည်းတွေ မသုံးစွဲဖို့ကိုလည်း အထူးတိုက်တွန်းလိုပါတယ်” ဟု ဒေသတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ခင်ဦးမြို့နယ်တွစင် စ်ကောင်စီထုတ် ဘီယာ ဂျပ်ဖာ (၅၄၀) ဖာ၊ ဗူးပေါင်း (၁၁၀၄၀) ဗူးနှင့် ပုလင်းပေါင်း (၇၈၀) များကို ကား (၃) စီးဖြင့် ဖြတ်သန်းသယ်ဆောင်စဉ် ဖမ်းဆီးရမိခဲ့သည့်အတွက် မေလ ၂၀ ရက်နေ့တွင် လမ်းမပေါ်ခင်းကျင်း ကားကြိတ်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အရက်ဘီယာများသည် ကာလတန်ဖိုးအရ ငွေကျပ် သိန်း ၄၂၀ ကျော် တန်ဖိုးရှိကြောင်း သိရှိရသည်။
ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒေသတွင်း စကစ ၏ ထုတ်ကုန်များ အသုံးမပြုရန်၊ ရောင်းဝယ်မှုများ ပြုလုပ်ရန်နှင့် သယ်ဆောင်မှုများမပြုလုပ်ရန် တိုက်တွန်း နှိုးဆော် မေတ္တာရပ်ခံထားသော်လည်း လိုက်နာမှုမရှိသည့် အတွက် ဖမ်းဆီးရမိသည့် စစ်တပ်ထုတ် ဘီယာများကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင်လည်း စစ်ကောင်စီအား ငွေကြေးရှာဖွေပေးနေသည့် ထုတ်ကုန်များအား မသုံးစွဲကြရန် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။