ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေ ၆ ပေခန့်အထိ နစ်မြုပ်နေခဲ့ရာမှ သြဂုတ်လ ၉ ရက် မနက်ပိုင်းမှစတင်၍ ရေကျဆင်းလာသော်လည်း မြေနိမ့်ပိုင်းနေရာများတွင် ရေဆက်လက်မြုပ်နေဆဲ ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ညောင်းချောင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်ကျော်သောင်းက “ရေက ၃ ပေလောက်တော့ ကျဆင်းသွားတယ်။ နေရာတိုင်းတော့ ရေကျ မသွားသေးဘူး။ မြေနိမ့်ပိုင်းနေရာ တော်တော်များများက အဆောင်တွေ ရေဆက်မြုပ် နေသေးတယ်” ဟု ပြောသည်။
ရေကျဆင်းရခြင်းမှာ ရှေ့ရက်ပိုင်း၌ မိုးရွာသွန်းမှု နည်းပါးသွားတာကြောင့် သရီချောင်းရေလည်း ကျဆင်း သွားသဖြင့် စစ်ရှောင်စခန်းတွင်းရှိ ရေများပါ ကျဆင်းသွားခြင်းဖြစ်သည်ဟု စစ်ဘေးရှောင် ဦးမောင်မြသိန်းက ပြောသည်။
“မနေ့ညကနေ မိုးမရွာဘူး။ ဒီမနက်ထိ မရွာသေးဘူး။ မိုးမရွာတော့ သရီချောင်းရေလည်းကျပြီး ရေကျဆင်း သွားတာပါ။ မိုးရွာလာရင်တော့ ရေပြန်တက်မလားတော့ မပြောတတ်ဘူး။ ဒီမနက်တော့ နေရောင်တွေ ထွက်နေတယ်” ဟု ၎င်းက ပြောသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းသည် ဘဂ်လားပင်လယ်အတွင်း မုန်တိုင်းငယ်အရှိန်ကြောင့် ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှ သြဂုတ် ၈ ရက်အထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သရီချောင်းရေ၊ ဇီးချောင်းဆည်မှ ရေများနှင့် လယ်ကွင်းပြင်မှ ရေများဝင်ရောက်သဖြင့် ယင်းစစ်ဘေးရှောင်စခန်းအတွင်း ရေ ၆ ပေခန့်အထိ မြင့်တက်ပြီး စခန်းရှိ လူနေအဆောင်များ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု ထိုစခန်းမှ စစ်ဘေးရှောင်များက ပြောသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေကျဆင်းသွားသော်လည်း ရွှံ့မြေများတင်ကျန်ရစ်ခဲ့၍ သွားလာ နေထိုင်ရေး အခက်အခဲများလည်း ဖြစ်လျက်ရှိသည်ဟု စစ်ရှောင်များက ဆိုသည်။
ထိုစစ်ရှောင်စခန်းမှ ဒေါ်ခိုင်ခိုင်စိုးက “ရေကကျသွားပေမဲ့ ရွှံ့တွေ တင်ကျန်ခဲ့တယ်။ သွားလာရတာ အဆင်မပြေဘူး။ နေရေးထိုင်ရေးက အဆင်မပြေဘူး။ ရေနစ်သွားတဲ့ အခန်းတွေမှာလည်း ရွှံ့တွေ တင်ကျန်နေတော့ ရေနဲ့ပြန်ဆေးချ နေရတယ်” ဟု ပြောသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ကျော် နေထိုင်လျက်ရှိပြီး လက်ရှိတွင် မြေနိမ့်ပိုင်းရှိ လူနေအိမ် ၁၇၀ ကျော်မှာ ရေဆက်မြုပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်များထံက သိရပါသည်။
နိရဉ္စရာ ပေးပို့သည်။