ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်ကြီး ပေါက်ထွက်မှာကို ဖားကန့်ဒေသခံများစိုးရိမ်နေ

By MPM 17 ဩဂုတ်, 2023 👁

ကချင်ပြည်၊ ဖားကန့်ရှိ မှော်ဝမ်းကလေးနဲ့ မှော်ဝမ်းကြီး ကျေးရွာ ၂ ခု အကြားမှာရှိသည့် ယခင်ကျောက်စိမ်း လုပ်ကွက်ဟောင်းနေရာလည်း ဖြစ်သည့် ရေကန်ကြီးထဲကို စွန့်ပစ်မြေစာများ နေ့စဉ် သွန်ထည့်နေတာကြောင့် ရေစိမ့်ယိုမှု ဖြစ်ပေါ်နေပြီး ကန်ပေါက်ထွက်မည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပြောဆိုသည်။

ဧက ၃၀ ဝန်းကျင် ကျယ်ဝန်းသည့် အဆိုပါ ကျောက်စိမ်းတောင်ရေကန်ကြီးထဲသို့ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းရှင်တစ်ချို့က နေ့စဉ် စွန့်ပစ်မြေစာ သွန်ထည့်နေတာကြောင့် ပေ ၃၀၀ ကျော်နက်သည့် ရေမျက်နှာပြင်မှာ တစ်ရက်ကို တစ်ပေအထက် ရေမြင့်တက်နေလို့ ရေကန်ကြီး ပေါက်ထွက်လာနိုင်ပြီး ကြီးမားသည့် သေဆုံးမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဖားကန့်ဒေသခံတစ်ယောက်က အခုလိုပြောသည်။

“အဲ့မှာ ကျောက်တူးနေတဲ့ ကုမ္ပဏီတွေက ဘက်ဟိုးတွေနဲ့ ကလော်ပြီး ရေကန်ထဲ သွန်ထည့်နေတော့ ရေက တစ်ရက်ကို တစ်ပေခွဲ ၂ ပေလောက်အထိ တက်နေတာ။ ရေကန်ထဲက ရေမျက်နှာပြင် ဆက်တက်မယ်ဆိုရင် ရေပေါက် ထွက်သွားတဲ့အထိ ဖြစ်လာနိုင်တယ်။ အဲ့ဒီအခါကျရင် ရေမဆေးသမားတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်လာနိုင်တယ်။ ပြီးရင် မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူတွေ ဒုက္ခရောက်လိမ်မယ်လို့ ဒေသခံတွေက စိုးရိမ် နေကြတယ်” လို့ ၎င်းက ဆိုသည်။

ယင်းအပြင် ထိုရေကန်၏အောက်ခြေဘက် နေရာများတွင်လည်း ဘက်ဟိုးစက်များနဲ့ ရွှေမျှောများအပါအဝင် တူးဆွကြသူတွေ ရှိနေသည့်အတွက် ရေစိမ်ယိုမှု တဖြည်းဖြည်း ဖြစ်ပေါ်နေပြီး ရေမြင့်တက်မှုကလည်း ကုန်းကမ်းပါးနဲ့ ရေမျက်နှာပြင် ၁၀ ပေ ဝန်းကျင်လောက် ထိစပ်နေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောသည်။

ကုမ္ပဏီများက ဘက်ဟိုးများဖြင့် ကျောက်စိမ်းတူးဖော်နေသည့် နေရာမှာ ရေကန်၏ ကုတ်ထပ်နေရာမှာ လုပ်ကိုင်နေတာဖြစ်ပြီး စွန့်ပစ်မြေစာပုံများကို စက်ယန္တရားများဖြင့် စနစ်တကျ စွန့်ပစ်တာမျိုးမဟုတ်ပဲ ရေကန်ထဲကိုသာ သွန်ပစ်နေတာကြောင့် ရေမျက်နှာပြင်ဟာ တစ်ရက်ပြီးတစ်ရက် ပိုကျယ်ပြန်လာနေပြီး ယခုလို မိုးတွင်းကာလတွင် ပိုပြီးသတိထား စိုးရိမ်ရသည့် အခြေအနေရှိနေတယ်လို့ ဖားကန့်ဒေသခံများက ပြောသည်။

ရေကန်ကို ပေါက်ထွက်မှု မဖြစ်အောင် တာဝန်ရှိသူတွေက အမြန်ကြပ်မတ် ဆောင်ရွက်ပေးဖို့ ဒေသခံများက တာဝန်ရှိသူများထံကို တင်ပြတောင်းဆိုလိုသော်လည်း လက်ရှိအချိန်၌ ဖားကန့်ဒေသတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကြား တိုင်ကြားရမည့် နေရာမရှိသည့်အတွက် ဒေသခံပြည်သူများမှာ အခက်အခဲ ဖြစ်နေသည်ဟု ယင်းဖားကန့်ဒေသခံက ဆက်ပြောသည်။

“ကျနော်တို့ ဒေသခံတွေ ဖြစ်ချင်နေတာက တာဝန်ရှိတဲ့သူတွေအနေနဲ့ သေချာကွင်းဆင်းပြီးမှ လုပ်ပေးစေ ချင်တယ်။ ကုမ္ပဏီတွေလည်း မြေစာပုံတွေကို ရေကန်ထဲ စွန်ပစ်တာတွေ မလုပ်ဖို့ ကြပ်မတ်ပေးစေချင်တယ်။ မလွဲသာလို့ ရေကန်ပေါက်ထွက်သွားပြီဆိုရင် မဖြစ်သင့်တာတွေ ဖြစ်လာမှာက သေချာတယ်။ ဒါကြောင့် မဖြစ်ခင်မှာ ကြိုတင်လုပ်ဆောင်စေချင်တယ်။ ဒါက ဒီရွာတဝိုက်မှာရှိတဲ့ ဒေသခံတွေရဲ့ ဆန္ဒတွေလည်း ဖြစ်တယ်လို့” ၎င်းက ပြောသည်။

လက်ရှိတွင် ရေကန်ပတ်ပတ်လည် အနီးတဝိုက်၌ ဘက်ဟိုး ၁၀ စီး ကျော်ဖြင့် နေ့စဉ် အဆက်မပြတ် ကျောက်တူးဖော်နေတာကြောင့် ရေကန်ပေါက်ထွက်မှု ဖြစ်ပွားခဲ့ပါက အေးမြယာသာ မြို့ပေါ်ရပ်ကွက်နဲ့ မှော်ဝမ်း ဘက်ခြမ်း စသည့် နေရာများကို ရေလမ်းကြောင်း ၂ ခုနှင့် ဝင်ရောက်လာနိုင်တယ်လို့ ဖားကန့်ဒေသခံ နောက်တစ်ဦးက ပြောပါသည်။

“တကယ်လို့ ရေကန်က ပေါက်ထွက်လာရင် အဓိကတော့ အေးမြသာယာနဲ့ မေှာ်ဝမ်း တချို့နေရာတွေမှာ စိုးရိမ်ရတယ်။ သူက ရေလမ်းကြောင်း ၂ ခုနဲ့ ပေါက်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ ပတ်ပတ်လည်မှာက ဘက်ဟိုး ၁၀ စီး ကျော် လောက် ရှိတာ။ တစ်နေရာမှာ ၃ စီး အထက်ပဲ၊ အဲ့ဒါကို တချို့က မြေစာကို ဘက်ဟိုးနဲ့ ကလော်ပြီးတော့ ရေကန်ထဲကို ပစ်ထည့်ကြတယ်လို့” ၎င်းက ပြောသည်။

ယင်းကျောက်စိမ်းတောင် ရေကန်ကြီးမှာ လွန်ခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၈ ဝန်းကျင်က ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ကျောက်စိမ်းတောင်ကုမ္ပဏီ၏ လုပ်ကွက်ဟောင်းတစ်ခုဖြစ်ပြီး ကုမ္ပဏီက ရေပေါက်ထွက်မှု မဖြစ်အောင် စနစ်တကျ လုပ်ဆောင်သွားသည့် နေရာတစ်ခု ဖြစ်တယ်လို့ ဒေသခံတွေက ပြောသည်။

ယင်းအခြေအနေများကြောင့် လက်ရှိကာလတွင် ဖားကန့်ဒေသ၌ အာဏာသက်ရောက်မှု ရှိနေကြသည့် စစ်ကောင်စီအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ဒေသခံ ရပ်ရွာတာဝန်ခံများနှင့် ပူးပေါင်းပြီး အရေးယူ ဆောင်ရွက်တာလို အမြန်ဆုံးတာဝန်ယူ ကြပ်မတ်ပေးဖို့ ဒေသခံများက တောင်းဆိုလျက်ရှိနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ဖားကန့် မနမှော် ကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ထဲမှ အမြင့်ပေ ၅၀၀ လောက် ရှိသည့် မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄၂ ဦး ကျော် သေဆုံးခဲ့သည်။

KNG ပေးပို့သည်။