ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ သတင်းပေးဒလန် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးတစ်ဦးအား နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပဲခူးဒေသ ပြည်သူ့ကာကွယ်ရေးတပ် (Bago Region PDF) မှ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်ထားသည်။
ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက် အပိုင်း ၃ တွင် နေထိုင်သော စစ်ကောင်စီခန့် ရာအိမ်မှူးကို ဇန္နဝါရီလ ၁၆ ရက်နေ့၊ ညနေ ၆ နာရီ အချိန်၌ ၎င်း၏နေအိမ်တွင် ရှိနေစဉ် ပဲခူး PDF မှ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
အဆိုပါရာအိမ်မှူးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “လူ ၃ ယောက် အိမ်ပေါ်ထပ်အထိ တက်ပစ်သွားတာ။ ပစ်ပြီးတော့ ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးသွားတယ်။ ရဲတွေရောက်လာတော့ သူတို့က အဝေးတောင် ရောက် နေလောက်ပြီ” ဟု ပြောသည်။
ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးဖြစ်သူမှာ အသက် ၅၀ အရွယ် ဦးသိန်းလွင်ဖြစ်ပြီး ပစ္စတိုသေနတ်ဖြင့် ၃ ချက်တိတိ ပစ်ခတ်ခံရသည်ဟု ဆိုသည်။ ထို့နောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနာတင်ကားဖြင့် ရောက်လာပြီး ၎င်းအား ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားရာ ဆေးရုံ၌ပင် သေဆုံးသွားသည်ဟု နီးစပ်သူများက ပြောသည်။
“အလောင်းကိုတော့ မနေ့က သင်္ဂြိုလ်လိုက်ပြီ။ စစ်တပ်နဲ့ပေါင်းပြီးတော့ မဲစာရင်းတွေ လိုက်ကောက်တယ်။ အရင်ကလည်း CDM တွေကို သတင်းပေးလို့ ကျည်ဆံတစ်တောင့်နဲ့ သတိပေးစာပို့လာတာ ၂ ခါရှိပြီ။ နားမထောင်တော့ သူ့ထိုက်နဲ့သူ့ကံပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းအား ပစ်ခတ်ရှင်းလင်းပြီးနောက် ပဲခူး PDF မှ ရဲဘော် ၃ ဦး ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့က ၁၂၀-မမ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများမှာ အနီးအနားရှိ ကျေးရွာအချို့၌ ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦးလည်း မျက်လုံးထိခိုက် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရာအိမ်မှူး ဦးသိန်းလွင်သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကတည်းက စစ်ကောင်စီသတင်းပေး ဒလန် ပြုလုပ်နေသူဖြစ်ပြီး ၎င်းသတင်းပေးမှုကြောင့် CDM ဝန်ထမ်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် လူငယ် များ အဖမ်းခံခဲ့ရသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
ထို့အပြင် ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်ပြီး စစ်ကောင်စီတပ်များနှင့် ပူးပေါင်း၍ ရပ်ကွက်အတွင်း စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကောက်ခံပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ကျောက်ကြီးမြို့၊ မာလာဦးဂိတ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းကလည်း စစ်တပ်က လမ်းပိတ်ဆို့ထားခဲ့ရာ ရပ်ကွက်နေပြည်သူများက ဦးသိန်းလွင် နေထိုင်သည့် အပိုင်း ၃ မှ ဖြတ်သန်းသွားလာ မိရာတွင် ၎င်းသည် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းပြီး ပြည်သူများ၏ အဖိုးတန်ကုန်ပစ္စည်းများကို အဓမ္မ သိမ်းယူခဲ့သည်များလည်းရှိခဲ့သည်ဟု ပဲခူး PDF က ထုတ်ပြန်ထားသည်။
ဦးသိန်းလွင် သေဆုံးမှုအား စစ်ကောင်စီဝါဒဖြန့် မီဒီယာများဖြစ်သည့် မြဝတီ (MWD), မြန်မာ့အသံ (MRTV) နှင့် တယ်လီဂရမ်ချန်နယ် (Telegram Channel) များဖြစ်သည့် Ba Nyut, MDY Image, Arieal Golden Myanmar တို့တွင် “ရွှေပြည်သာနှင့် ကျောက်ကြီးမြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်” ဟူ၍ ခေါင်းကြီးပိုင်းဖြင့် ရေးသားဖော်ပြ၍ ဝါဒဖြန့်ထားသည်။
NMG – ပေးပို့သည်။