ကျုံပျော်မြို့တွင် လူငယ်တစ်ဦးအား ညပိုင်းအိပ်ချိန် အိမ်ပေါ်အထိ ပေါ်တာဆွဲခေါ်ခံရ

By MPM 9 ဧပြီ, 2025 👁

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာနေ လူငယ်အမျိုးသားတစ်ဦးကို ဧပြီ ၇ ရက်နေ့ညပိုင်း အိပ်ချိန်တွင် အိမ်ပေါ်အထိ ပေါ်တာဆွဲခေါ်ခံလိုက်ရပြီး မိသားစုက ပြန်တောင်းခေါ်သော်လည်း မရသေးကြောင်း ကျေးရွာနေထိုင်သူများက ပြောသည်။

လှည်းဆိပ်ကျေးရွာနေ လူငယ်အမျိုးသားကို ညပိုင်းနေအိမ်၌ အိပ်စက်အနားယူနေစဥ် စစ်မှုထမ်းရန် စာရင်းပါဝင်ကြောင်း ကြိုတင်အသိပေးခြင်းမရှိဘဲ စစ်ကောင်စီခန့် လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အတင်းအဓမ္မ အိမ်ပေါ်အထိလာရောက်ခေါ်ဆောင်သည်ဟု ကျေးရွာသားများက ပြောဆိုသည်။

အမည်မဖော်လိုသူကျေးရွာခံအမျိုးသမီးတစ်ဦးက “ အိမ်ပေါ်အထိ အိပ်ယာထဲအထိ တက်ဆွဲတာ၊ ဆွဲတဲ့အဖွဲ့ထဲ ရွာက အုပ်ချုပ်ရေးမှူးပါ ပါလာတယ်။ အဲ့ကောင်လေးက အသောက်အစားလဲမရှိဘူး၊ ရိုးရိုးသားသားလေး။ အသက်က ၁၉/၂၀ တောင် ရှိပါ့ဦးမလားပဲ တော်တော်ငယ်သေးတယ်” ဟု ပြောသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း လှည်းဆိပ်ကျေးရွာအပါအဝင် ကျုံပျော်မြို့နယ်ရှိ ကျေးရွာအများစုတွင် စစ်မှုထမ်းခေါ်ယူရေးနှင့်ပတ်သက်ပြီး အလှည့်ကျမဲနှိုက်ရခြင်းနှင့် စစ်မှုထမ်းကြေး လစဥ်ထည့်ဝင်ရခြင်းတို့ကို စစ်ကောင်စီအဖွဲ့ဝင်များ၏ စေခိုင်းချက်အရ လုပ်ဆောင်နေရကြောင်း သိရသည်။

ယခုလို အိမ်တိုင်ရာရောက် စစ်မှုထမ်းရန် အတင်းအကြပ်တပ်သားစုဆောင်းနေခြင်းတို့ လုပ်ဆောင်လာသဖြင့် ရွာတွင်ရှိနေသည့် အခြားသောလူငယ်များ ညအချိန် အိမ်၌ညအိပ်မနေရဲတော့ဘဲ ရှောင်တိမ်းအိပ်စက်ရသည်ဟု အခြားရွာခံတစ်ဦးက ပြောသည်။

“အိမ်မှာလာဆွဲခံလိုက်ရတဲ့ ကောင်လေးမိဘတွေက မနက်ကျတော့ အုပ်ချုပ်ရေးမှူးဆီမှာ လူသွားတောင်းတယ်။ ဆေးအရင်စစ်ကြည့်မယ် အဆင်မပြေရင်တော့ ပြန်ပေးမယ်လို့ပြောတယ်။ ဒီနောက်ပိုင်း အဲ့လိုတွေလုပ်လာတော့ ရွာမှာရှိတဲ့လူငယ်တွေက အိမ်မှာညမအိပ်ရဲတော့ဘူး။ လိုက်လျှောက်အိပ်နေရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ကထုတ်ပြန်လာသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စီမံချက်အရ ရပ်ရွာထဲတွင် ယာယီဂိတ်တဲများဆောက်ကာ ပြည်သူ့အင်အားဖြင့် မစောင့်မနေရ လုံခြုံရေးယူ ကင်းစောင့်ရန် စေခိုင်းခဲ့သေးသော်လည်း လှည်းဆိပ်ကျေးရွာတွင် ထိုစေခိုင်းချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဆက်စပ်သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းအစပ်တွင် အာရက္ခတပ်တော်-AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်း၌ စစ်မျက်နှာပွင့်လာခဲ့ခြင်းဖြစ်ပြီး မတ်လပိုင်းတွင် လေးမျက်နှာ၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

စစ်ကောင်စီဘက်ကလည်း လွတ်လပ်စွာ တပ်သားစုဆောင်း၍ရနေသည့် ဧရာဝတီတိုင်းအတွင်း ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ကာ အင်အားစုဆောင်းမှုများ လုပ်ဆောင်နေသလို စစ်မှုထမ်းဥပဒေအကြောင်းပြ၍ မဲနှိုက်ခိုင်းစေ ခြင်းဖြင့် တပ်သားလိုအပ်ချက်ကို ဖြည့်တင်းနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့က ပြောဆိုသည်။

ထို့အတူ နည်းလမ်းမျိုးစုံသုံး၍ စုဆောင်းထားသော ပြည်သူ့စစ်များကို စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာတွင် အသုံးချမှုများလာသောကြောင့် ယခုဖြစ်ပေါ်လျက်ရှိသည့် AA နှင့်တိုက်ပွဲအတွင်း တပ်ပြေးများလာကြောင်း ဒေသအခြေစိုက်မီဒီယာတို့၏ ဖော်ပြချက်အရ သိရသည်။

KIC ပေးပို့သည်။