ကျိုက်ထို စစ်ရှောင် တစ်သောင်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

By MPM 21 ဖေ‌ဖော်ဝါရီ, 2026 👁 1

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ တစ်သောင်းကျော် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ငှက်ပျောတော၊ခရွဲနဲ့ဝင်းကံကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၁၉ ရွာက ဒေသခံ ၁၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ရတာ အချိန် ၁၀ ရက်ကျော်လာတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် တခြား လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေပြီလို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေပေမယ့် မလုံလောက်မှုရှိနေတာဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းတာတွေ လုပ်ဆောင်နေသလို ချောင်းဝနဲ့ဝင်းကံကျေးရွာက နေအိမ် လေးလုံးကိုလည်း မီးရှို့ဖျက်ဆီးထားပါတယ်။

ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးထားတဲ့ စစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ စစ်ကြောင်းပြန်မထွက်သေးဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သံလွင်တိုင်းမ်