ကော့သောင်း ဝိုင်းဒင်တိုက်ပွဲတွင် NLD မြို့နယ် ဥက္ကဋ္ဌအပါအဝင် တော်လှန်ရေး ရဲဘော် ၉ ဦးကျဆုံး

By MPM 7 မတ်, 2023 👁

တနသာင်္ရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်းဒင်ကျေးရွာတွင် မတ်လ ၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၉ ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) က ထုတ်ပြန်ထားသည်။

ကျဆုံံးရဲဘော်များထဲတွင် ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးသက်နိုင်လည်းပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စကစ ကဖြန့်တဲ့ ပုံတွေလဲမြင်တယ်။ အဲ့ဒီထဲမှာ ကျနော်တို့ မြို့နယ်ဥက္ကဌပါတာတွေ့ရတယ်။ ရဲဘော်တွေကျဆုံးတာလဲ မှန်ပါတယ်။ အကုန်မျက်မှန်းတမ်းမိတဲ့သူတွေ့ချည်းပဲဗျ။ ” ဟု ခမောက်ကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲသည် ပြီးခဲ့သည့်မတ်လ ၄ ရက် မနက် ၈ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲကြာချိန်မှာ မိနစ် ၂၀ ခန့်မျှ ကြာမြှင့်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

၀ိုင်းဒင်ကျေးရွာသည် ထိုင်း – မြန်မာနယ်စပ် ရှမ်းကိုးရွာအုပ်စုထဲမှ ကျေးရွာတစ်ခုဖြစ်ပြီး ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကော်သူလေးတပ်မတော်တို့ ထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ယင်းတိုက်ပွဲကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဖက်အခြမ်းသို့ စစ်ဘေးရှောင်နေခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“စကစ တွေက ရမ်းသမ်းပစ်တော့ ထွက်ပြေးရတာပဲလေ။ ဒီဖက်က ထိုင်းနိုင်ငံနဲ့နီးတော့ ထိုင်းဘက်ခြမ်းပဲ အသက်လွှတ်ရာ ဝင်ပြေးကြရတာလေ” ဟု တိုက်ပွဲရှောင်ခဲ့ရသည့် တပ်ဦးမြိုင်သာယာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ကော့သောင်းခရိုင်အတွင်း၌ မကြာခဏ တိုက်ပွဲများဖြစ်ပွားသည့်အတွက် ဒေသခံများသည် ထိုင်းနယ်စပ်ဘက်သို့ ယခုလိုထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ လုံခြုံရေးတင်းကြပ်စောင့်ကြပ်မှုများ ပြုလုပ်ထားကြောင်းလည်း မြန်မာစစ်ဘေး ရှောင်များက ပြောသည်။

ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးခဲ့သည့်ပုံများနှင့် သိမ်းဆည်းခံလိုက်ရသည့် လက်နက်ခဲယမ်းများကို စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများမှ မတ်လ ၄ ရက်နေ့တွင် ရေးသားဖြန့် ဝေထားကြောင်း တွေ့ရှိရသည်။

၎င်းတို့၏ဖော်ပြချက်တွင် M 4 (၁)လက်၊ M 16 (၁) လက်၊ A K 47 (၁) လက်၊ ကိုးလုံးကျည် (၁) လက်၊ တူမီး (၁) လက်၊ ကျည်ဆံ ၂၀၀ တောင့်၊ မိုင်း (၃၈) လုံးနှင့် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။