ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံး

By MPM 2 ဧပြီ, 2025 👁 3

ကရင်ပြည်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဝိဇ္ဇာကုန်းကျေးရွာထဲ ဧပြီလ ၁ ရက်နေ့၊ ညနေပိုင်း၌ စစ်ကောင်စီတပ်က စစ်ကောင်စီတပ် စကခ (၁၂) လက်အောက်ခံ တပ်သစ် အမြောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီး ၅ လုံး ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။။

ဝိဇ္ဇာကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက “စကျတာတော့ ၅ နာရီ မိနစ် ၄၀ လောက်မှာ ၅ နာရီခွဲလောက်မှာ ကျတယ်။ နောက်ပြီး သူ့ကိုထိတဲ့အချိန်ကတော့ ၆ နာရီထိုးလောက်မှာပေါ့နော်။ ဘာလို့လဲဆိုတော့ လက်နက်ကြီး ၂ လုံးကျပြီး တတိယတစ်လုံးကျပြီး ထိသွားတာ။ ရွာနားမှာလည်း တိုက်ပွဲဖြစ်တာမရှိဘူး။ ရွာထဲကို လက်နက်ကြီး ၃ လုံးကျတယ်။ ရွာပြင်မှာလည်းကျတယ်” ဟု ပြောသည်။

စစ်ဘေးစစ်ဒဏ်နှင့် သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူများအား စစ်ကောင်စီတပ်မှ ငဲ့ညှာခြင်း မရှိဘဲ ပြည်သူများနေထိုင်သည့် ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

ကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေမှုကြောင့် ရွာသားအများစုမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောဆိုသည်။

ရွာသားတစ်ဦးက “လက်နက်ကြီးကျတဲ့အချိန်မှာတော့ ရွာသားတွေကထွက်ပြေးကြတာပေါ့။ တော်တော်များများက ပြန်မလာသေးဘူး။ ကြောက်တာပေါ့နော်။ ဒါပေမယ့် ရွာထဲက အဲ့ဒီအစ်မတစ်ယောက် ဆုံးသွားတဲ့အခါကြတော့ ကြောက်ကြောက်နဲ့ပြန်လာပြီးတော့ သူ့ရဲ့ရုပ်အလောင်းကိုတော့ သင်္ဂြိုလ်မှာဖြစ်တယ်ပေါ့နော်။ အကုန်လုံးတော့ မပြန်လာရဲကြဘူးပေါ့” ဟု ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူသည် ဝိဇ္ဇာကုန်းကျေးရွာနေ အသက် (၅၇) နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်သည်။

ဝိဇ္ဇာကုန်းကျေးရွာနေ အမျိုးသားက “ရွာကိုမီးပေးတဲ့ ဆိုလာပြားတော့ ပေါက်သွားတယ်လို့ပြောတယ်။ အိမ်ခေါင်မိုးတွေ ဘာတွေ ပေါက်ကုန်တယ်။ ထိကုန်တယ်။ ပျက်စီးကုန်တယ်။ အဲ့ဒီသေသွားတဲ့အစ်မရဲ့ အိမ်ဆိုရင်တော့ အိမ်ခေါင်မိုး တော်တော်များများ ထိသွားတယ်။ ဒီမနက်ပိုင်း သွားကြည့်တာလေ။ လက်နက်ကြီးအစတွေ ထိတာလည်း အများကြီးပဲ။ ရွာမှာက လုံခြုံမှုလည်းလုံးဝမရှိတော့ဘူး” ဟု ဆက်ပြောသည်။

တစ်နိုင်ငံလုံးရှိ ပြည်သူများမှာ စစ်ဘေးစစ်ဒဏ်များကြောင့်လည်းကောင်း၊ သဘာဝဘေးဒဏ်များကြောင့်လည်းကောင်း အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး ဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှုမရှိဘဲ လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကို ဆက်တိုက်လုပ်ဆောင်လျက် ရှိနေသည်။

NMG ပေးပို့သည်။