ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေအတွင်း အရပ်သားတစ်ဦးအား စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဟုဆို

By MPM 4 မေ, 2023 👁

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတွင် ယမန်နေ့ မေလ (၃) ရက်နေ့က အသက် (၂၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦး စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ပစ်သတ်ခြင်းခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

အသတ်ခံရသူအမျိုးသားသည် နတ်သံကွင်းမြို့တွင်း၌ အလုပ်လုပ်ကိုင်ပြီး ယမန်နေ့ည (၇) နာရီခန့်က ဆိုင်ကယ်ဖြင့်အလုပ်မှအိမ်သို့ပြန်လာစဥ် နတ်သံကွင်းဆေးရုံ မျက်စောင်းထိုးတွင် ကင်းပုန်းလာဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးအဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ခါးသို့သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသခံများက ၎င်းတို့၏ မျက်မြင်တွေ့ရှိချက်ကို ပြောပြသည်။

ဒေသခံတစ်ဦးက “ပစ်သတ်ခံရတဲ့ကောင်လေးက နေ့တိုင်းအလုပ်သွားအလုပ်ပြန် လုပ်နေကြပါ။ အဲ့ဒီနေ့ကပြန်တာလည်း ခါတိုင်းထက်စောတယ်။ ဆေးရုံနားဆိုတော့ (၈) နာရီလောက်ထိ လူတိုင်းသွားလာကြပါတယ်။ အဲ့ဒါကို လှမ်းပစ်လိုက်တာ။ အလောင်းကတော့ပြန်ရတယ်။ ဆေးရုံလိုက်သွားတဲ့မိသားစုဝင်တွေပြောတာကတော့ ကျည်ကဖောက်မထွက်သွားပဲ ခါးရိုးနားမှာထိတယ်လို့ပြောတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဆေးရုံမျက်စောင်းထိုးရှိ ကင်းတဲအတွင်း တစ်ခါတစ်ရံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းလာဝပ်လေ့ရှိပြီး ယမန်နေ့ညက အသံကြားသဖြင့်ထွက်ကြည့်ရာ အဆိုပါဖြစ်စဥ်အားတွေ့မြင်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အခြားဒေသခံတစ်ဦး‌ကလည်း ယခုလိုပြောသည်။

“အသံကြားတော့ ဆိုင်ကယ်ဘရိတ်ပေါက်တယ်ထင်လို့ ထွက်ကြည့်တာ။ မဟုတ်ဘဲနဲ့ စစ်တပ်ကသေနတ်နဲ့လှမ်းပစ်လို့ သေသွားတာပါ” ဟု ၎င်းက ပြောပြသည်။

ယခုရက်ပိုင်း နတ်သံကွင်းမြို့အတွင်းတွင် စစ်ကောင်စီတပ်များက တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အသွားအလာကို ထောက်လှမ်းရန် အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ကာသွားလာနေကြကြောင်း ဒေသခံများကပြောဆိုကြသလို အဆိုပါအမျိုးသားအား လူမှားယွင်း၍ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု တပ်တွင်းနီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

နတ်သံကွင်းမြို့ခံတစ်ဦးက “ခုရက်ပိုင်းတောက်လျှောက်ပဲ သူတို့က ယူနီဖောင်းနဲ့သွားနေကြတာတော့ မဟုတ်ဘူး။ နေ့ခင်းပိုင်းလည်း မြို့ထဲသွားနေကြတာပဲ။ ပြီးတော့ ဟိုတလောက နတ်သံကွင်းအဝင်အထွက်နဲ့ အုန်းနှဲပင်တံတားဘက်မှာလည်း အထုတ်ပါလာရင် စစ်ဆေးနေကြတာတွေရှိတယ်။ တစ်ခါတစ်လေ ဆိုင်ကယ်ဖမ်းစစ်ပြီး ပိုက်ဆံတောင်းတာတွေလည်းရှိတယ်။” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့်တပ်ပေါင်းစုများက စစ်ကောင်စီ၏တပ်စခန်း (၄) ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် တပ်အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်ခဲ့သော်လည်း ယခုရက်ပိုင်း နတ်သံကွင်းတွင် လက်နက်ကြီးပစ်ခတ်မှုငြိမ်သက်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း စစ်ကောင်စီသည် ကေအဲန်ယူထိန်းချုပ်နယ်မြေများရှိ ပြည်သူများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အရပ်သား (၈) ဦးသေဆုံးခဲ့ရပြီး (၈) ဦးထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ကြီးနှင့်လက်နက်ငယ်ပစ်ခတ်မှု (၆) ကြိမ်ကျုးလွန်ခဲ့သောကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့ရကြောင်း ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေး ဗဟိုက မေလ (၁) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။