ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနှင့် တပ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေ

0
419

ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်စခန်း (၄) ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်မှတ်ထားတိုက်ခိုက်၍ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်မှ သိရသည်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ညောင်ကုန်းနှင့်ကျွန်းကုန်းရွာစစ်ကောင်စီတပ်စခန်း၊ မုန်းမြို့နယ်အတွင်းရှိ နောင်ကုန်းနှင့်ရန်မျိုးအောင်ရွာစစ်ကောင်စီတပ်စခန်းများသို့ ထိုနေ့မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့်တပ်ပေါင်းစုများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါမြို့နယ်အတွင်း ကျေးရွာများရှိဒေသခံများအား စစ်ကောင်စီမှ ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ကေအဲန်ယူနှင့်နီးစပ်သူတစ်ဦးက “တိုက်ပွဲဖြစ်ပြီးနောက်ရက် နတ်သံကွင်းဘက်ကို ကား (၆) စီးရောက်တယ်။ ရွှေကျင်မှာလည်း လူအင်အားထပ်တိုးထားတယ်။ အခုကတော့ လက်နက်ကြီးထုနေတာကလွဲပြီး ငြိမ်နေတယ်။ လေယာဥ်ဝဲတာတော့ တောက်လျှောက်ပဲ။ စစ်တပ်က ကျောက်ကြီးထဲမှာ စစ်ကြောင်းထိုးနေတာ ဟိုးရက်ကတည်းကပါ။ တပ်ပေါင်းစုဘက်က ကျသွားတဲ့သူတွေလည်း ရှိတယ်။ အဲ့လိုအခြေအနေမှာ စစ်တပ်ဘက်က လစ်ဟာသွားတဲ့နေရာက စခန်းတွေကို ကေအဲန်ယူက ဝင်တိုက်တာ။” ဟု ပြောသည်။

အဆိုပါတိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီက ညောင်တန်းရွာ၊ နောင်ကုန်းရွာ အစရှိသော ကျေးရွာပေါင်း (၈) ရွာအား လေကြောင်းမှတိုက်ခိုက်၍ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်သဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုနှင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရာတွင် တားမြစ်စစ်ဆေးခြင်းများ ရှိလာကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“စစ်ကောင်စီဘက်က အထိနာသွားတဲ့အတွက် လေယာဥ်နဲ့ဗုံးကျဲတာ၊ သူတို့ကျဲတာက ပြည်သူတွေနေတဲ့နေရာတွေ ဖြစ်တော့ ထွက်ပြေးပုန်းရှောင်ရတယ်။ အခု လေယာဥ်နဲ့ပစ်တာမရှိတော့ပေမယ့် စစ်တပ်က လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ပြီး စားနပ်ရိက္ခာသယ်ယူပို့ဆောင်တဲ့နေရာမှာ တားမြစ်စစ်ဆေးနေတာတွေရှိတော့ စစ်ရှောင်တွေအတွက် ထောက်ပံ့တဲ့နေရာမှာ ခက်ခဲကုန်တယ်။ အခုလည်း တချို့စစ်ရှောင်တွေအတွက် ကရင်လူမှုအဖွဲ့အစည်းက လက်လှမ်းမီသလောက်လုပ်ပေးနေတာပဲရှိတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်စခန်း (၄) ခုတွင် နယ်မြေခံ ခြေလျှင်တပ်ရင်း ခလရ-၆၀၊ ခြေမြန်တပ်ရင်း ခမရ-၃၅၁၊ အင်အားထပ်မံဖြည့်တင်းထားသော ခြေမြန်တပ်ရင်း ခမရ-၅၉၈နှင့် တပ်မ-၇၇ တို့ပါဝင်နေပြီး တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ ဒု-တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် (၁၆) ဦးသေဆုံး၍ (၁၇) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူက ဧပြီလ (၂၃) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် KNLA ဘက်မှ (၁) ဦးသေဆုံး၍ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီကိုင်ဆောင်သော လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း စစ်ကောင်စီ၏ဝါဒဖြန့်ချန်နယ်များတွင်မူ အဆိုပါတိုက်ပွဲသတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ကေအဲန်ယူမှ သွားရောက်တိုက်ခိုက်သည်မှာ လုံခြုံရေးကင်းစခန်းသာ ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ (၄) ရက်နေ့မှစ၍ စစ်ကောင်စီတပ်များသည် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံများနေထိုင်ရာကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သဖြင့် နယ်မြေခံ KNLA နှင့်တပ်ပေါင်းစုများအကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား၍ စစ်ရေးအခြေအနေတင်းမာခဲ့ကြကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here