စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကနေ ကသာမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေလ ၁၀ ရက်တွင် ထီးချိုင့်မြို့ကနေ အင်အား အလုံးအရင်းဖြင့် တက်လာသည့် စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ AA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် တော်လှန်ရေးတပ်များက လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီ စစ်ကြောင်းက ထီးချိုင့်မြို့ကို ၈ ရက်နေ့ ရောက်လာကြတယ်။ ၁၀ ရက်နေ့မှာ ထီးချိုင့်ကနေ ကသာမြို့ကို စထွက်တယ်။ ၁၀ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်မှာ ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီ တပ်ဘက်က နှစ်ယောက် ကျဆုံးခဲ့ပြီး ကျနော်တို့ တပ်ဖွဲ့ ဝင်တွေကတော့ အထိအခိုက်၊ အကျအဆုံး မရှိဘဲ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့တယ်” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုယာဉ်တန်း ကားသုံးစီး၊ ဆိုင်ကယ်တစ်စီး၊ သေနတ် ၇ လက်ကို တော်လှန်ရေး တပ်များ သိမ်းဆည်းရရှိခဲ့ကြောင်း သူက ပြောသည်။
လက်ရှိတွင် စစ်အုပ်စုသည် ကာသာမြို့သို့ ဆက်လက်မသွားဘဲ ထီးချိုင့်မြို့ကို ပြန်လည် ဆုတ်ခွာနေကြောင်း သိရသည်။
ယင်းအပြင် အာဏာသိမ်းစစ်တပ်သည် ယမန်နေ့ (မေ ၁၁) ကလည်း ကသာမြို့ကနေ အင်းတော်မြို့ စစ်ကြောင်းထိုး ချီတက်လာနေကြောင်း သိရသည်။
“အခုလည်း ကသာမြို့ကနေ အင်းတော်မြို့ စစ်ကြောင်း ထွက်လာတာတွေ ရှိပါတယ်။ စစ်ယာဉ်တန်းကား ၃၀ စီး၊ တင့်ကားတစ်စီးပါဝင်တဲ့ စစ်ကြောင်း ချီတက်လာနေတာပါ။ စစ်ကြောင်းထိုးလာတော့ အင်းတော်မြို့စစ်ရေး အခြေအနေ ပိုမိုပြင်းထန်လာနိုင်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
KIA နှင့် PDF မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို အာဏာသိမ်းစစ်စုသည် ကသာမြို့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၃၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် စစ်အုပ်စု ထိန်းချုပ်ထားသည့် အင်းတော်မြို့တွင် မြေပြင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်ရသဖြင့် ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြ ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားသည့် ကသာမြို့ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်နေရာတို့တွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ရှိနေသည်။
DMG