ကရင်နီ (ကယား) ပြည်တွင် စစ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၆၅ မှု ရှိခဲ့သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစာတမ်းပါ အချက်အလက်များအရ သိရသည်။
အဆိုပါစာတမ်းကို ဇွန်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပဋိပက္ခဆက်နွယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အထိမ်းအမှတ်စကားဝိုင်းတွင် WLB -political initiative အဖွဲ့ဝင် နော်ဆဲဆဲက ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုမရှိတော့ခြင်းကြောင့် အမှုကျုးလွန်သည့် တရားခံများမှာ အပြစ်မှကင်းလွတ်ခွင့် ရရှိနေကြဆဲဖြစ်သလို အမှုများကို လွယ်လွယ်ကူကူထပ်ကျူးလွန်နိုင်အောင် တွန်းအားပေးစေသလို ဖြစ်နေသည်ဟုလည်း နော်ဆဲဆဲက ပြောသည်။
“ကျူးလွန်နေတဲ့ တရားခံတွေကိုယ်တိုင်ကလည်း ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို မဖော်ထုတ်နိုင်အောင် သူတို့ဘဝကို ကန့်သတ်တာတို့၊ လုံခြုံရေးကို ခြိမ်းခြောက်တာတို့ လုပ်ဆောင်နေတဲ့ အနေအထားကိုလည်း ကျမတို့တွေ့ရတယ်” လို့ နော်ဆဲဆဲက ပြောပါသည်။
ယင်းစာတမ်းတွင် WLB ၏ စာရင်းကောက်ခံမှုအရ နိုင်ငံတဝှမ်း ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှုရှိပြီး ကရင်နီပြည်က ကျူးလွန်မှုခံရမှု အများဆုံးရှိသည့် ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နေသည်ကို တွေ့ရသည်။
WLB တွေ့ရှိချက်အရ နိုင်ငံတဝှမ်းရှိ အမျိုးသမီး၊ မိန်းကလေးငယ်၊ LGBTQIA+, သက်ကြီးရွယ်အို စသည့် ထိလွယ်ရှလွယ်အဖွဲ့များသည် ပြစ်မှတ်ထား ကျူးလွန်ခံနေရသည်ကို ပိုမိုတွေ့ရှိရသည်ဟုလည်း ဆိုသည်။
အဆိုပါကျူးလွန်မှုတွေကိုလည်း မြန်မာစစ်ကောင်စီတပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များကြားမှာလည်း ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်ဟု WLB က ပြောသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခံရမှု အများဆုံးဖြစ်နေသည့် ကရင်နီပြည်တွင် တရားဥပဒေစိုးမိုးရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေပေမယ့် ပဋိပက္ခကာလဖြစ်တာကြောင့် အရေးယူဆောင်ရွက်မှုတွင် စိန်ခေါ်မှုရှိနေဆဲဖြစ်သည်ဟုလည်း ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တရားရေးဌာနက ပြောပါသည်။
အစိုးရအဖွဲ့တွင် လူ့အရင်းမြစ်နည်းပါးမှု၊ ဥပဒေအရင်းအမြစ်နည်းပါးမှုတို့ကြောင့်လည်း ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးသလို တရားရုံးသို့ရောက်လာသောအမှုများကို တရားဥပဒေအရ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ဟု ပြည်နယ်ဥပဒေအရာရှိ ခွန်းဂျက်စတင်းက ပြောသည်။
“တချို့အမှုတွေက ရဲအရေးပိုင်တဲ့အမှုတွေ ဖြစ်တယ်ပေါ့နော။ အိမ်တွင်းအကြမ်းဖက်မှုတွေ အမျိုးသမီးပေါ် အကြမ်းဖက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေက ရဲအရေးပိုင်တဲ့ပုဒ်မတွေ ဖြစ်သော်ငှားလည်း ရဲအရေးပိုင်တဲ့ အမှုတွေဆို သူတို့ဟာသူတို့ ကြေအေးလို့မရဘူး။ ရဲက သွားဖမ်းရမယ်။ ပြီးတော့ သူတို့ကြေအေးလည်း ရဲက သွားဖမ်းပြီးတော့ တရားစွဲရမယ်ပေါ့နော။ ဒါပေမဲ့ ဒီအခြေနေမှာက သူတို့ပြီးပြီလို့ ယူဆထားတဲ့အမှုတွေကို ရဲတွေက သွားဖမ်း၊ သွားရှုပ်တဲ့ဟာမျိုးလည်း သူတို့လည်းမဖြစ်စေချင်ဘူးပေါ့နော။ တချို့တွေလည်း မကြိုက်တာမျိုးတွေရှိတော့ အဲလိုမျိုးတွေလည်း မလုပ်နိုင်တာမျိုး ရှိတယ်ပေါ့နော” ဟု ခွန်းဂျက်စတင်းက ပြောသည်။
ပဋိပက္ခဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည်လည်း ၂၀၁၅ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ကြား ဗျူဟာကျကျကျူးလွန်မှု ပိုမိုပေါ်ပေါက်လာသည်ကို တွေ့နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
WLB ၏ စာတမ်းအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝှမ်း ပဋိပက္ခနှင့်ဆက်နွယ်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းမှုများက ကရင်နီတွင် ၃၆၅ ခု၊ စစ်ကိုင်းတိုင်းတွင် ၃၄၉ ခု၊ ရှမ်းပြည်နယ်တွင် ၁၀၂ ခု၊ ကချင်ပြည်နယ်တွင် ၄၀ ခု၊ တနင်္သာရီတိုင်းတွင် ၂၇ ခု၊ ချင်းပြည်နယ်တွင် ၁၉ ခုနှင့် တခြား တိုင်းနှင့်ပြည်နယ်တို့တွင် အသီးသီးဖြစ်ပွားမှုတို့ရှိနေသည်ကို တွေ့ရှိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။