ကရင့်တော်လှန်ရေး အမြန်ဆုံး အောင်မြင်ရေးအတွက် အားနည်းချက်များကို ဖြည့်ဆည်းကာ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်းလိုက်သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) / မူတြော်ခရိုင်၌ ယနေ့ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် (၇၇) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား မိန့်ခွန်း၌ ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ထိုသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး မရရှိသေးသည့်အတွက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လုပ်ဆောင်နေရခြင်းဖြစ်ကာ တော်လှန်ရေး (၇၇) နှစ်ကြာကာလအတွင်း မိမိလူမျိုး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်အတွက် မရေတွက်နိုင်လောက်အောင် အသက်ပေးဆပ်ရသူများစွာရှိခဲ့သည်ဟု KNLA ဒုစစ်ဦးစီးချုပ်က ပြောသည်။
ထို့ကြောင့် အဆိုပါ အသက်ပေးဆပ်ခဲ့ရသူများကို သတိရအောက်မေ့ ဂုဏ်ပြုနေခြင်းသာမက မိမိကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင်သည့် ကျရာကဏ္ဍအသီးသီးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ရန် အရေးကြီးကြောင်းကိုလည်း ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်းသည်။
“ကျနော်တို့ လိုအပ်တာက တတ်မြောက်မှု၊ လုပ်ဆောင်မှု နည်းလမ်းဖြစ်တယ်။ လုပ်ဆောင်မှု နည်းလမ်းမမှန်ရင် နှစ် ၃၀၊ ၄၀ ထပ်သွားရင်လည်း ပန်းတိုင်ကို ရောက်မှာ မဟုတ်ဘူး။ အလုပ်နည်းလမ်းမှန်မှ ပန်းတိုင်ကို ရောက်ရှိမှာဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ လိုတာက အရည်အသွေး၊ တတ်မြောက်မှု၊ ပူးပေါင်းဆောင်ရွက်မှု အင်အား၊ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ လိုအပ်နေတယ်” ဟု ပြောသည်။
ကေအဲန်ယူ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းကလည်း ကရင်အမျိုးသား တော်လှန်ရေးသည် နှစ်ပေါင်း ၈၀ နီးပါး ကြာလာရခြင်းမှာ ကရင့်အမျိုးသားနိုင်ငံရေး ရည်မှန်းချက် မရရှိသေးသည့်အတွက် မတရားမှုများရှိနေသရွေ့ တော်လှန်မှုများ ဆက်လက်ရှိနေဦးမည်ဟု ကရင့်တော်လှန်ရေးနေ့အတွက် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ကရင်လူမျိုးများသည် မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးများကို ဥပဒေဘောင်အတွင်းမှ တောင်းဆိုခဲ့သော်လည်း ဖဆပလအစိုးရက လက်မခံဘဲ အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ခဲ့သည်။
၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဦးနုဦးဆောင်သည့် ဖဆပလ အစိုးရ စစ်တပ်က အင်းစိန်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ဗဟိုစခန်းနှင့် ကရင်ရပ်ကွက်များကို တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး (K.N.D.O) အဖွဲ့ကိုလည်း မတရားအသင်းအဖြစ် ကြေညာခဲ့သည့်နေ့ကို အစွဲပြု၍ ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို သက်ဆိုင်ရာ ကေအဲန်ယူ ခရိုင်/တပ်မဟာ အသီးသီးတွင် ဂုဏ်ပြု ကျင်းပခဲ့ကြသည်ဟု သိရသည်။
ကေအိုင်စီ
