ကချင်ပြည်နယ်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုမှု ပိုများလာ

By MPM 22 ဧပြီ, 2023 👁

ကချင်ပြည်နယ်အတွင်းရှိ ရှေ့တန်းတပ်စခန်းများသို့ တပ်အင်အားနှင့် ရိက္ခာဖြည့်တင်းမှုများနှင့် တိုက်ခိုက်မှုများကို လုပ်ဆောင်ရာတွင် ကုန်းလမ်းထက် လေကြောင်းအသုံးပြုမှုကို စစ်တပ်က ယခုနောက်ပိုင်း ပိုမိုလုပ်ဆောင်လာသည်ဟု KIO/KIA က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “စစ်အင်အားတွေကတော့ သိပ်ပြီးမှ ထူးထူးခြားခြား ဖြည့်တာကတော့ မတွေ့ရပါဘူး။ ဒါပေမယ့် ရှိတာကတော့ သူတို့ လေ ကြောင်းနဲ့ပေါ့နော် လေကြောင်းနဲ့ တိုက်ခိုက်တာပဲ အဓိက ဖြစ်နေတာ။ အဲ့ဒါကြောင့် သူတို့က စစ်အင်အားတွေ နောက် လက်နက်ခဲယမ်းတွေကတော့ လေယာဉ်နဲ့ ချပေးတာတွေကတော့ ရှိမှာပါ။ အဲဒါက တော့ ရှိပါတယ်။ ဒါပေမယ့် ခြေကျင်ကနေ မြေပြင်ကနေ တက်လာတာကတော့ သိပ်မတွေ့ဘူးခင်ဗျာ” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်များသို့ တပ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းလာသည့် စစ်ကောင်စီ တပ်များကို ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များက မကြာခဏ ကြား ဖြတ်တိုက်ခိုက်သည့် ဖြစ်စဉ်များမှာ အာဏာသိမ်းမှု နောက်ပိုင်းတွင် ပိုမိုဖြစ်ပွားလာခဲ့သည်။

ဧပြီလ ၁၈ ရက်နေ့ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယားကျေးရွာအုပ်စု ဂတ်နွယ် (ပျားအုံ) ရွာ လမ်းခွဲတွင် စစ်ကောင်စီ၏ ကားကို KIA က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့်အတွက် ၄ ယောက်သေဆုံးပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KIO/KIA က ဆိုသည်။

ကြားဖြတ် တိုက်ခိုက်ခံရမှုများကြောင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုများ ပိုမိုများလာသည်သာမက ယခင်ကထက် ပို၍ အထိနာလာသည့်အတွက် ကုန်းလမ်းထက် လေကြောင်းကို စစ်ကောင်စီတပ်က ပို၍ အသုံးပြုလာခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်တပ်က တပ်အင်အားဖြည့်တင်းမှုများကို လေကြောင်းမှ ပို၍ လုပ်ဆောင်လာသည့်နည်းတူ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှု များလာပါကလည်း လေကြောင်းမှတဆင့် တိုက်ခိုက်မှုများကို ယခုနောက်ပိုင်းတွင် ယခင်ကထက် ပို၍ လုပ်ဆောင်လာသည်ဟု KIO/KIA က ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားပဲ လုပ်ဆောင်နေသည့်အတွက် စစ်ရေး ပဋိပက္ခနယ်မြေအတွင်း ရှိသည့် ပြည်သူလူထုများအနေဖြင့် သတိရှိရန် လိုသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“လက်နက်ကြီးတို့ လေကြောင်းကနေလည်း တိုက်နေတာ ဒါက ခုအချိန်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ့နော။ ပြည်သူလူထုရှိတဲ့ဖက်မှာလည်း သူတို့က ဘာမှ မခွဲခြားဘူး။ အဲဒါတော့ ကျနော်တို့ ခဏခဏ ကြုံတွေ့ ရပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေ သေသွားတာတွေ ဒဏ်ရာရတာတွေ ခဏခဏ ကြုံရတာပေါ့။ ပြည်သူ လူထုတွေကလည်း အမြဲတမ်းသတိထားဖို့လိုတာပေါ့။ အမြဲတမ်းနားစွင့်ပြီးမှနေဖို့ အရေးကြီးတာပေါ့။ စကစ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း လေကြောင်းကိုတော့ အဓိကထားပြီးမှ စစ်ဆင်ရေးလုပ်တဲ့ အချိန် ကာ လ ဖြစ်နေတယ်။ ဒါကြောင့် ပြည်သူလူထုကလည်း သတိထားဖို့လိုနေတာပေါ့။”

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်မှာ စစ်တပ်က လေ ယာဉ်နှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် KIA တပ်ဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း လူဦးရေ ၁၀၀ ကျော်ခန့် သေဆုံးခဲ့ရသည်။

ကချင်ပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်က စစ်ရေး၊ ပစ်မှတ် အရပ်သား မခွဲခြားပဲ လေယာဖြင့် ဗုံးကြဲတိုက်ခိုက်သည့်နည်းတူ မြန်မာပြည်အနှံ့တွင်လည်း ထိုသို့ လုပ်ဆောင်နေသည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ထိုခိုက်မှုအတွင်း ဒေသခံ ၉ သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးပျက်စီးခဲ့ရသလို ဧပြီလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ရုံးဖွင့်ပွဲ ကျင်းပနေချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးသူငယ်များ အပါအဝင် ဒေသခံ ၁၇၀ ကျော် သေဆုံးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးသူငယ်များ အပါအဝင် ဒေသခံအများအပြား သေဆုံးခဲ့ရသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် ယခင်ကထက် ပို၍ စစ်ရေး သတိရှိကြရန် ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းထားသည်။

NMG – ပေးပို့သည်။