အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲနေမှုကြောင့် သံတွဲဒေသခံများ ထပ်မံ နေရပ်စွန့်ခွာ

By MPM 27 ဩဂုတ်, 2026 👁 33

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်၊ သံတွမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသည့်အပြင် နေအိမ်၊ အဆောက်အအုံပျက်စီးမှု များလာနေသည်။

ထို့ကြောင့် ဒေသခံများမှာ အသက်အန္တရာယ် လုံခြုံမှုကင်းမဲ့လာသဖြင့် မိမိဒေသတွင် မနေထိုင်ရဲတော့ဘဲ အခြား ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်၊ သလူဗြိန်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “ငပလီ၊ ဂျိတ္တောဘက်ကို ဗုံးခဏ ခဏ ကြဲတော့ ဆွေမျိုးတွေ မနေရဲတော့လို့ ဒီဘက်လာရှောင်နေကြတာ တစ်ပတ်လောက်ရှိပြီ။ မိသားစုလိုက် လာရှောင်ကြတာ၊ တခြားရွာတွေမှာလည်း ရောက်လို့ရှိတယ်” ဟု ပြောသည်။

စစ်တပ် အဓိက  ဗုံးကြဲတိုက်ခိုက်မှုလုပ်နေသည့် သံတွဲမြို့ပေါ်နှင့် ငပလီမြို့၊ ဂျိတ္တော၊ လင်းသာ စသည့် ငပလီကမ်းခြေတလျှောက်က ဒေသခံများမှာ တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်များသို့ တိမ်းရှောင်နေကြရသည်။

လက်ရှိ သံတွဲမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာကြသူများမှာ ဆွေမျိုးနေအိမ်နှင့် တောတောင်အနီးနေရာများတွင် ယာယီခိုလှုံရာနေရာများ ဆောင်လုပ်နေကိုင်နေကြပြီး အခက်အခဲများ ရှိနေကြသည်။

“တောင်ခြေရင်းလို နေရာတွေမှာ နေကြတဲ့သူတွေလည်းရှိတယ်။ မြို့ထဲ ဆွေမျိုးရှိတဲ့သူတွေကတော့ ဆွေမျိုးနေအိမ်တွေမှာ နေကြတယ်။ တောတောင်တွေမှာ နေကြတဲ့သူတွေကတော့ စားရေးသောက်ရေး၊ နေရတာကအစ အခက်အခဲဖြစ်နေကြတယ်” ဟု တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် ဇူလိုင်လမှ စ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ရာတွင်လည်း လေယာဉ်အုပ်စုနှင့် ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်က သံတွဲမြို့နယ်က နေရာ ၃ နေရာထက်မနည်းကို ဂျက်ဖိုက်တာနှင့် Y-12၊ Y-8 စုစုပေါင်း လေယာဉ် ၁၀ စီးဖြင့် တစ်နာရီခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၁၀၀ ခန့်ကြဲချခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်၊ အဆောက်အအုံများ ပျက်စီးခဲ့သည်။

“အခု လေယာဉ်က နေ့တိုင်းလိုလို ဝဲတယ်။ အရင်လကတည်းက ရက်ခြားစီလာကြဲနေတော့ လုံးဝမနေရဲတော့လို့ နယ်ဖက်ကို သွားရှောင်နေရတယ်။ အရေးကြီးကိစ္စရှိမှ မြို့ပေါ်ခဏလောက် ပြန်လာတယ်။ ပြီးတော့ ဈေးရောင်းတဲ့လူတွေတောင် လေယာဉ်ကြောက်လို့ ဆိုင်ပိတ်ထားကြရတာတွေ ရှိတယ်” ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရမှုကြောင့် သံတွဲဒေသခံများမှာ လုပ်ကိုင်စားသောက်ရေး အဆင်မပြေဖြစ်လာပြီး စားဝတ်နေရေးကျပ်တည်းမှုများ ကြုံနေရကြောင်း ပြောဆိုကြသည်။

အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများအား လေကြောင်းဗုံးကြဲ အရှိန်အဟုန်မြှင့်လုပ်လာနေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုမြင့်တက်နေသည်။

DMG မှ စာရင်းပြုစုချက် အရ ယခုလအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် အရပ်သားထိခိုက်သေဆုံးသူ ၁၀၀ ကျော်ထိရှိနေသည်။

DMG