ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တောင်ပိုင်း အလယ်ဆိပ်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အလယ်ဆိပ်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေသည့်အပြင် နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။
ထိုနေ့ နံနက် ၇ နာရီဝန်းကျင်တွင် မဲဇာကျေးရွာမှ အလယ်ဆိပ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၁၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို KIA ၊ PDF တို့မှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သည်။
ထို့နောက် စစ်တပ်က အလယ်ဆိပ်ရွာကို လေယာဥ်ဖြင့်ဗုံးကျဲခြင်း၊ မြေပြင်တွင် မီးရှို့ခြင်းများကို ပြုလုပ်နေကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။
”တိုက်ပွဲဖြစ်ပြီးနောက်မှ လာတာလေယာဥ်က ၁၀ နာရီ ၂၇ မိနစ်လောက်မှာ မြစ်ကြီးနားဘက်ကနေ ဂျက်ဖိုက်တာတစ်စီး တက်လာပြီးမှ လာကျဲသွားတာ အလယ်ဆိပ်ရွာကို အဲ့လေယာဥ်နဲ့ ဗုံးကျဲပြီးမှပဲ စစ်ကြောင်းကရွာကိုဝင်ပြီးမီးစရှိုတာ” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလယ်ဆိပ်ကျေးရွာအနီး တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် နံနက် ၁၀ နာရီတွင် မဲဇာကျေးရွာတွင်းသို့ ဆုတ်ခွာခဲ့ပြီးနောက် လေယာဥ်ဖြင့် မိနစ် ၂၀ ခန့် ဗုံးကျဲခဲ့သည်။
ထို့နောက် အဆိုပါ စစ်ကြောင်းသည် အလယ်ဆိပ်ကျေးရွာအတွင်းသို့ တဖန် ပြန်လည်ဝင်ရောက်ကာ နံနက်ပိုင်း ၁၁ နာရီအချိန်တွင် အဆယ်ဆိပ်ရွာကို စတင်မီးရှို့ခဲ့ကြောင်း သိရသည်။
”မဲဇာနဲ့အလယ်ဆိပ်က နီးနီးလေးဆိုတော့ သွားလိုက်ပြန်လိုက်လုပ်နေတာ အခုထိတော့စစ်ကြောင်းကရွာထဲမှာပဲဆိုတော့ နေအိမ်တွေဘယ်နလုံးလောက်မီးထဲပါသွားလဲမသိရသေးဘူး။ စစ်ကြောင်းထွက်ပြီး ရွာထဲပြန်ဝင်နိုင်မှတိကျသိရမှာ” ဟု အင်းတော် PDF မှတာဝန်ရှိသူက ပြောသည်။
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံးနိုင်သည်ဟု PDF တာဝန်ခံများ သုံးသပ်သည်။
သို့သော်လည်း အသေးစိတ်အချက်အလက်နှင့် လေယာဥ်ဗုံးကျဲမှုကြောင့် အရပ်သားထိခိုက်မှုအခြေအနေကို KNG က စုံစမ်းနေဆဲဖြစ်သည်။
ယနေ့နံနက် တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ယမန်နေ့ကလည်း မိုးလှိုင်းကုန်းကျေးရွာအနီးတွင် KIA နှင့် PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကြာတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် မိုးလှိုင်းကုန်းရွာမှ လူနေအိမ် ၁၆ လုံးတိတိကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အင်အား ၁၇၀ ပါ စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကချင်ပြည်နယ် နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်သည်။
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၁၀၀ ကျော်အထိ ရှိလာပြီဟု ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။
KNG – ပေးပို့သည်။