လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးများ မရောက်ဘဲဖြစ်နေ

By MPM 27 ဩဂုတ်, 2026 👁 65

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေးတိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါးသယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေးအခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။​

အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊ တောင်စလုံးကျေးရွာ နင့် မြောက်စလုံးကျေးရွာများမှ ဒေသခံများဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲများကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလဝန်းကျင်မှစ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

ယခု မိုးရာသီကာလတွင် ကလေးများနှင့် လူကြီးများအပါအဝင် စစ်ဘေးရှောင်များသည် ရာသီတုတ်ကွေး ဖျားနာမှုဖြစ်ပွားနေပြီး၊ ထိုစစ်ဘေးရှောင်များနေထိုင်သည့်နေရာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဆေးဝါးရရှိရန် အခက်အခဲရှိနေကြောင်း စစ်ရှောင်ကူညီနေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းပန်းဆက်သွယ်ရေးလည်း ခက်တော့ ဆေးဝါးရဖို့လည်း ခက်ခဲတယ်။ စစ်ရှောင်တွေရဲ့ ကျန်းမာရေးအတွက်ဆိုရင် ဆေးတွေက အပြည့်အဝ မလုံလောက်ဘူး။ တော်လှန်ရေးရဲဘော်တွေရဲ့ ဆေးတပ်သားတွေ လာကြည့်ပေးတာ တော့ရှိတယ်။အပြည့်အဝတော့ မကူညီနိုင်ဘူး။ မိုးရာသီဆိုတော့ ရာသီတုတ်ကွေးဖြစ်တာ၊ ဖျားတာတွေ ကလည်း ရှိတယ်။ ဒီရာသီမှာတော့ ကလေး/လူကြီးကစပြီး နေမကောင်းတာများတယ်” ဟု စစ်ရှောင်ကူညီနေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များအတွက် တော်လှန်ရေးတပ်ဖွဲ့များမှ ဆေးတပ်သားများ လာရောက်ကြည့်ရှု ကုသပေးမှုရှိသော်လည်း စစ်ဘေးရှောင်ဦးရေများပြားသည့်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအကူအညီများကို အပြည့်အဝပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

ထို့အပြင် စစ်ဘေးရှောင်များ နေထိုင်ရာ လတိန်ကျေးရွာသို့ သွားလာရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် စစ်တပ်ဘက်မှ ဆေးဝါးသယ်ယူခွင့်ပိတ်ပင်မှုကြောင့် ဆေးဝါးမရောက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ဆေးဝါးတွေကတော့ လိုအပ်တာရှိတယ်။ တုတ်ကွေးနဲ့ ငှက်ဖျားဆေးတွေပေါ့။ လမ်းသွားလာဖို့ခက်ခဲတာအပြင် စစ်တပ်ကလည်း ဒီဘက်ကို ‌ဆေးဝါးပေးမသယ်တာလည်းပါတယ်” ဟု စစ်ရှောင်ကူညီနေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ဘောရန်ကျေးရွာ၊ တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာတို့မှ ဒေသခံများသည် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး စစ်ဘေးရှောင်ကာလ ၁၁ လနီးပါး ကြာမြင့်လာသော်လည်း လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်သေးဘဲ လတိန်းကျေးရွာတွင် နေထိုင်နေသည့် စစ်‌ဘေးရှောင် လူဦးရေး စုစုပေါင်း (၆၀၀) ထပ်မနည်းရှိကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၅ စက်တင်ဘာလမှစတင်ပြီး ကျေးရွာ (၁၀) ရွာခန့်မှ စစ်ရှောင် (၆၀၀၀) ကျော်သည် ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်