ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ထွက်ပြေးသွားသည့် တပ်သား ၅ ဦး ဖမ်းဆီးခံရ

By MPM 12 ဇန်နဝါရီ, 2023 👁

တနင်္သာရီတိုင်း ရေဖြူမြို့နယ် စစ်ကောင်စီတပ်ရင်းတစ်ရင်းမှ ရှေ့တန်းထွက်ရန် ကြောက်သည်ဟုဆိုကာ ထွက်ပြေးသွားသူ တပ်သား ၅ ဦးမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသူများသည် ရေဖြူမြို့နယ် ကံပေါက်ဒေသ အခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ ထွက်ပြေးသွားကြသည့် စစ်သားများဖြစ်ပြီး ၎င်းတို့အား ကံပေါက်ဒေသမှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သာသွားရသည့် ပယကျေးရွာ ဘုန်းကြီးကျောင်း တောင်ကုန်းပေါ်တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ပယရွာသားတစ်ဦးက “ရှေ့တန်းထွက်ရမှာကြောက်လို့ ဘုရားတောင်ပေါ် ပုန်းနေတာကို ဘုန်းကြီးကမြင်ပြီး သတင်းပေးလိုက်တာကြောင့်ပါ။ ရိုက်နှက်ပြီးခေါ်သွားတာ မြင်လို့မကောင်းဘူး” ဟု ပြောသည်။

၎င်းတို့သည့် ကံပေါက်ဒေသအခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ ဇန္နဝါရီလ ၄ ရက်နေ့ညက ထွက်ပြေးသွားရာမှ ဇန္နဝါရီလ ၈ ရက်နေ့တွင် ပြန်အဖမ်းခံရခြင်းဖြစ်သည်။

ပယကျေးရွာနှင့် ကပ်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်သည့် ဖက်တောင်ကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းမေးမြန်းမှုများနှင့် တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်ရှာတွေ့သွားခြင်းဖြစ်သည်ဟု ပယရွာသားများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီတပ်သားများသည် မောရဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရိုက်နှက်စစ်ဆေးခြင်းများ ခံနေကြရသည်ဟု ရေတပ်စခန်းနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းကလည်း ကံပေါက်ဒေသအခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ တပ်သား ၃ ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့သေးသည်။

NMG – ပေးပို့သည်။