ရပ်စောက်မြို့နယ် ဗထူးတပ်မြို့မှ စစ်ပြေးများကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

By MPM 16 ဇန်နဝါရီ, 2023 👁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့မှ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသော တပ်မ – ၅၅ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) – ၅၀၈ တပ်ရင်းမှ တပ်ပြေးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်များနှင့် ရပ်စောက်မြို့ နေရာအနှံ့တွင် လိုက်လံရှာဖွေနေကြောင်း မြို့ခံပြည်သူများက ပြောသည်။

ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “ထွက်ပြေးပြီဆိုမှတော့ ဒီမြို့ထဲ ဘယ်ရှိတော့မလဲ။ ဘယ်စစ်ဆေးရေးဂိတ်က ချောင်တယ်။ ဘယ်က ပြေးရင် လွတ်မယ်ဆိုတာ သူ တို့က ပိုသိတာပေါ့။ ဒီနောက်ပိုင်း PDF တွေ ဘက်ကလည်း လက်နက်နဲ့ ဝင်လာရင် ဆုငွေတော်တော်ပေးတာကိုး။ မနေ့ညဆို ရပ်ကွက်တွေထဲ လိုက်အော်နေတယ် လက်ခံထားရင် ပြန်အပ်ပါတဲ့။ ဘယ်လက်ခံရဲမလဲ ပြည်သူတွေက” ဟု ပြောသည်။

ရပ်စောက်မြို့နှင့် ၁ မိုင်ခန့်သာကွာဝေးသည့် ဗထူးတပ်မြို့ ခမရ ၅၀၈ တပ်ရင်းမှ အရာရှိ ဗိုလ်အဆင့်အပါအဝင် တပ်သား ၂၄ ဦးခန့်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညကတည်းက လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြခြင်းဖြစ်သည်။

ရက်သတ္တပတ် ၂ ပတ်ခန့်အကြာ ယနေ့အထိ အစအနပင် မတွေ့ရသေးဘူးဟု ရပ်စောက် မြို့ခံ ပြည်သူများက ပြောသည်။

ထွက်ပြေးသွားသည့် ခမရ- ၅၀၈ တပ်ရင်းမှ တပ်သားများအား ရပ်စောက်မြို့နေရာအနှံ့တွင် စစ်ကောင်စီတပ်သားများက လိုက်လံရှာဖွေနေပြီး တပ်တွင်း အဝင်အထွက် ဂိတ်များအား တင်းကျပ်ထားကာ ရပ်စောက်မြို့ အဝင်/အထွက်တွင် ဖုန်းများ စစ်ဆေးခြင်း၊ မှတ်ပုံတင်နှင့် လူတိုက်ကြည့်၍ စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

ထိုမျှမက အေးသာယာ ထုံးဖိုဂိတ်နှင့် တောင်ကြီးမြို့ အဝင်/အထွက် ဂိတ်များတွင်ပါ ၎င်းတို့၏ မိသားစုဝင်များကို လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။

ရပ်စောက်မြို့၊ ဥတံတ္တားရပ်ကွက်တွင် နေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “မိသားစုရောပါ ထွက်ပြေးတယ်ကြားတယ်။ ဒါပေမယ့် တစုတည်း ပြေးကြတာတော့ မဟုတ်ဘူး။ မိသားစုတွေက သပ်သပ် ပြေးကြတာ။ ခါတိုင်းက မြို့ပြင်ထွက်ရင် ဘယ်သွားမလဲပဲ မေးတာ။ အခုက သေချာတိုက်စစ်တယ်။ မှတ်ပုံတင် နံပါတ်နဲ့ ဖုန်းနံပါတ်ပါ ပေးရတယ်” ဟု ပြောသည်။

ရပ်စော်မြို့နယ်ရှိ ဗထူးတပ်မြို့သည် စစ်ကောင်စီတပ်သားများ စစ်ရေးလေ့ကျင့်သည့် သင်တန်းကျောင်းဖြစ်သည်နှင့်အညီ စစ်အင်အား တောင့်တင်းသည့်မြို့ ဖြစ်ပြီး ယခုကဲသို့ တပ်သားများ လက်နက်နှင့်အတူ ထွက်ပြေးသွားခြင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု တပ်တွင်းနီးစပ်သူများက ပြောသည်။

ထို့အပြင် ယခုထွက်ပြေးသွားသည့် ခမရ- ၅၀၈ တပ်ရင်းမှာ ယခင်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် တပ်ရင်းဖြစ်ပြီး မကြာသေးမှီကမှ AA နှင့် စစ်ကောင်စီတပ်တို့အကြား လွတ်သဘော အပစ်ခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ဗထူးမြို့ကို ပြန်လာရသည့် တပ်ရင်းဖြစ်သည်။

NMG – ပေးပို့သည်။