ရန်ကုန်ရောက် ဗန်းမော်စစ်ရှောင်များ ထောက်ပံ့ကြေးတွေ လျှောက်ထားနိုင်

By MPM 30 ဩဂုတ်, 2026 👁 47

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဗန်းမော်မြို့စစ်ဘေးရှောင်တွေထဲက ထောက်ပံ့ကြေး တစ်ကြိမ်မှမရရှိသေးသူများအနေနဲ့ ထောက်ပံ့ကြေး လာရောက်လျှောက်ထားနိုင်တယ်လို့ ဗန်းမော်အသင်း (ရန်ကုန်) မှအသိပေးထုတ်ပြန်လာပါတယ်။

ဩဂုတ် (၂၇) ရက်နေ့မှ စက်တင်ဘာ (၂) ရက်နေ့အထိ တစ်ပတ်အတွင်း နံနက် (၉) နာရီမှ ညနေ ( ၅) နာရီအထိ ဒဂုံမြို့နယ်၊ ကျောက်စိမ်းတွင်းဓမ္မာရုံမှာ လာရောက်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ထောက်ပံ့ကြေးပေးတာဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ပထမ၊ ဒုတိယနဲ့ တတိယအကြိမ်တွေမှာ လျှောက်ထားပြီးသူများက  လုံးဝ လျှောက်ထားခွင့်မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် တတိယအကြိမ်က အမည်စာရင်းကျန်ထားသူများလည်း ပြန်လည်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ကြေးတစ်ကြိမ်မှ မရရှိသေးသူများအနေနဲ့ ၎င်းတို့သတ်မှတ်ထားတဲ့ အချက်အလက်များနဲ့ အတူလာရောက်လျှောက်ထားနိုင်ကြောင်းကို ပြောထားပါတယ်။

အလားတူ အစိုးရဘက်ကလည်း (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်အတွင်း တစ်ဦးကို (၂၀,၀၀၀) ကျပ် နှုန်းထောက်ပံ့သွားမှာဖြစ်တာကြောင့် လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူတွေကို ပို့ပေးရမှာဖြစ်ပြီး အိမ်ထောင်စုစာရင်းဝင်သူမှလွှဲပြီး ကိုယ်စားထုတ်ယူခြင်းတွေ ခွင့်မပြုဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ဗန်းမော်မြို့က စစ်ဘေးရှောင်တွေက မြစ်ကြီးနား၊ ရွှေကူ၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေမှာ အများဆုံးတိမ်းရှောင်နေကြပြီး အချိုကတော့ ရန်ကုန်မြို့၊ ဆွေမျိုးသားချင်းနေအိမ်နဲ့ ဘာသာရေးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြတာလည်းဖြစ်ပါတယ်။

မန္တလေးမြို့မှာလည်း ဩဂုတ်လ (၉) ရက်နေ့က ရှမ်းနီအမျိုးသားများတပ်မတော် SNA၊ ကျားနီပါတီ TNDP၊ မန္တလေးရှမ်းနီလူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ဗန်းမော်အိမ်ထောင်စုပေါင်း (၃၄၀)၊ လူဦးရေ (၁၇၈၇) ဦးကို ထောက်ပံ့ခဲ့ပြီး အိမ်ထောင်စုတစ်စုကို ဆန် ၁ အိတ်၊ ဆီ ၁ ဗူး၊ ဆား ၁ ထုတ်၊ ဟင်းချိုမှုန့်တစ်ထုတ်အပြင် ငွေကျပ် ၁ သိန်းခွဲစီပါရှိတယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်တစ်ခုလုံးအနေနဲ့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူဦးရေမှာ တစ်သိန်းကျော်နီးပါးအထိရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းများရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

ရှမ်းနီအသံ